ဒါပေမယ့် ချန်းစီနျန်အတွက်ကျတော့ ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါးပဲ ဖြစ်နိုင်မှာလဲ?
"လူတွေအပေါ် အရမ်းကြီး သံသယမလွန်ကဲနဲ့" ဟူ၍ပင် ချန်းစီနျန်က အကြံပြုလိုက်၏။
"ပေါ့လျော့ပြီးနေလို့မရဘူးလေ သတိမထားမိတာ တစ်ခုတစ်လေကနေတောင် ထိခိုက်စေတတ်တယ် အဲဒါကြောင့် မင်းနဲ့ မင်းရဲ့မိသားစုကို သံသယဖြစ်မိတာပဲ" ချင်းကွမ်းချန်က ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်လေသည်။
"ခင်ဗျားကို ဖျောင်းဖျဖို့ မကြိုးစားတော့ဘူး" ချန်းစီနျန်ကတော့ သူ့သဘောထားကို ထုတ်မပြောပြဖို့ကိုသာ ရွေးချယ်လိုက်၏။
ချင်းကွမ်းချန်က စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုသော်လည်း ချန်းစီနျန်က ဘာကိုမှ ထုတ်မပြောတော့သဖြင့် လက်လျှော့လိုက်ရတော့သည်။ သူ အလွန်အမင်း အကဲပိုနေမိတာများလားဟု စတင်ကြောက်လန့်လာမိပေမယ့် ဒီဖိတ်ကြားချက်၏ နောက်ကွယ်တွင် တစ်ကယ်ပဲ အခြားသော ဘာရည်ရွယ်ချက်မျိုးမှ မရှိခဲ့ဘူးဟုဆိုလျှင် ချင်းမိသားစုက ဘာလို့ ရုတ်တရက်ကြီး ဖိတ်ကြားချက်ကို ပထမဆုံးနေရာကနေ လက်ခံရရှိခဲ့ရတာလဲ? မိသားစုနှစ်စုက ဘယ်တုန်းကမှ ဘယ်လိုပုံနဲ့မှ အဆက်အသွယ်မရှိခဲ့ကြပါပဲနှင့် ဝမ်ယဉ်းလင်က သူမရဲ့ မိတ်ဟောင်းဆွေဟောင်း အရင်းအချာတွေကို ပြောဆိုနေသလိုမျိုး အရမ်းကို ခင်ခင်မင်မင် ပြုမူဆက်ဆံနေ၏။ ဝမ်ယဉ်းလင်က သူ့ရဲ့မိခင်ကို ချင်းစုယွဲ့ရဲ့ အကြောင်းတွေကိုပါ မရပ်မနား ပြောဆိုနေတာပင် ဖြစ်သေးသည်။
အထူးဧည့်သည်တွေအနေနှင့် ဖိတ်ကြားချက်အပေါ် ချင်းကွမ်းချန်ရဲ့ တစိမ့်စိမ့် တွေးဆနေမှုများဟာ နောက်ဆုံးမှာတော့ သူ့ညီမလေးအပေါ် စိုးရိမ်မှုတွေသာ ဖြစ်လာခဲ့၏။ အကျိုးအကြောင်းများအား စုစည်းကြည့်လိုက်ခြင်းအရ ဝမ်ယဉ်းလင်က စုယွဲ့ကို မျက်စိကျနေတာလား? ဧည့်ခံပွဲက ပုံမှန်လို့သာ ထင်ရပေမယ့်လည်း အဲဒါက စုယွဲ့ မတက်ရောက်တာကြောင့်လား?
သူ တွေးလေလေ ပိုပြီး ခိုင်ခိုင်မာမာ ယုံကြည်မိလာလေလေပင် ဖြစ်သည်။ ကျေနပ်လောက်သည့် သုံးသပ်ချက်ကို ရရှိလိုက်တော့ ပျော်ရွှင်ဝမ်းမြောက်သွားလေ၏။ စုယွဲ့က နေမကောင်းဖြစ်နေတာကြောင့် မတက်ရောက်နိုင်တာဟာ မယုံနိုင်စရာကောင်းလောက်အောင် ကံကောင်းတာပင် ဖြစ်သည်။ တစ်နည်းပြောရလျှင် သူက ချန်းမိသားစုရဲ့ လှည့်စားမှုတွေအားလုံးကို သတိထား စောင့်ကြည့်နိုင်ပေလိမ့်မည်။