******************************
တရေးအိပ်မည်ကြံလိုက်သော်လည်း ထမြည်လာသောဖုန်းကြောင့် မြူနှင်းထကြည့်လိုက်သည်။
အဖွားဆီကပဲ။ ဘာတွေပြောဦးမလို့ပါလိမ့်။
အကောင်းတော့မဖြစ်နိုင်။

"ဟုတ်၊ အဖွား"
"ဟုတ် ၊ သမီးအဆင်ပြေပါတယ်"
"သမီးကတော့ အမေဘာလုပ်လုပ်ပါ။ အမေပျော်ရင်ပြီးတာပဲ။ လူတိုင်းက ကိုယ့်လမ်းကိုယ်ရွေးပြီးလျှောက်ကြရတာပဲလေ"

အဖွားက စိတ်ဆိုးမာန်ဆိုးနှင့်ဖုန်းချသွားသည်။ အဖွားက အဖေ့ရဲ့အမေ။ လူကြီးတွေရဲ့ ပြဿနာတွေထဲ ဘာလို့ဆွဲဆွဲသွင်းခံနေရမှန်းကိုမသိတာ။
အမေနှင့်အဖွားဆိုတာကလည်း ယောက္ခမ နှင့် ချွေးမဆိုသည့်အတိုင်းမတည့်ကြ။ အဖွားတို့ကချမ်းသာသည်။ အမေနှင့်အဖေ ယူကြတော့ အဖွားတို့ဘက်က သဘောမတူသူကိုယူရမလားဆိုပြီးပစ်ထားသည်။ အဖေက လောင်းကစားသမား။ ရှာလိုရသမျှ လောင်းကစားလုပ်တာနှင့်ကုန်သည်။ ကြာတော့အမေက သည်းမခံနိုင်တော့ပဲ ကွဲမယ် ကွာမယ်လုပ်သည်။အဖေက ကွဲမပေး။
အဲ့တော့ အဖွားက သူ့သားဖြစ်သူကိုအိမ်ပေါ်ပြန်ခေါ်တင်ထားသည်။
အဖွားက အမေ့ကိုသာမချစ်တာ။ မြူနှင်းကိုတော့ချစ်သည်။ အဖေ့အစ်ကိုများက မြူနှင်းကို ကျောင်းစားရိတ်ထောက်သည်။
ခု ပြဿနာက လေးလလောက်ရှိပြီ။ အမေ့ကို ဦးလေးကြီးတစ်ယောက်နှင့်တတွဲတွဲတွေ့သည်တဲ့။
ရပ်ကွက်ကဝိုင်းပြောနေကြတာရောစုံလို့။
အဖေနှင့်တရားဝင်မကွဲရသေးပဲ အဲ့လိုမလုပ်သင့်ဘူးဘာညာနှင့် ပြောနေသည်။
အမေအဲ့လိုလုပ်နေတာ အဖွားတို့သိက္ခာကျတယ်တဲ့။ထားပါတော့။

ပတ်ဝန်းကျင်ဆိုတာကြီးကို မြူနှင်း ဂရုမစိုက်။ အမေလည်းဂရုမစိုက်လောက်ဘူးထင်ပါသည်။
ပတ်ဝန်းကျင်အပြောအဆိုခံရမှကြောက်ပြီး ၊ သားသမီးကို ငဲ့ညှာပြီး သည်းခံနေရမယ်ဆိုတာကြီးကို မြူနှင်းလက်မခံ။ လူဆိုတာ ကိုယ့်ကိုနာကျင်စေမယ့်လမ်းကိုစွန့်ရသည်။ "အမေ နောက်ယောကျ်ားယူရင် သမီးတော့ဘာလုပ်မှာ" ဆိုပြီးလည်း မြန်မာပေါကားမဆန်ချင်။
မြန်မာပြည်မှာမိန်းကလေးလာဖြစ်ရတာ တော်တော်ဆိုးသည်။ မိန်းမတစ်ယောက် အိမ်ထောင်ကျသွားပြီဆိုတာနဲ့ပဲ ယောကျ်ားဆိုးသွမ်းနေလည်းသည်းခံ၊ ယောက္ခမနှင့်အမျိုးအဆွေတွေကိုလည်း သည်းခံပြီး နေနေရမှာက မဟုတ်တာပဲ။
လင်ကိုဘုရား ၊ သားကိုသခင် တဲ့။
သောက်ရမ်းတွေ တရားကျတာ။

လူ့ပတ်ဝန်းကျင်က မိန်းမတွေကို အတင်းစည်းတွေဘောင်တွေထဲ သွတ်သွင်းထားကြတယ်။
အဲ့ဒီဘောင်ကိုကျော်လိုက်မိတာနဲ့၊ စည်းအပြင်ဘက်ထွက်လိုက်မိတာနဲ့ အဲ့ဒီမိန်းမဟာ မကောင်းတဲ့မိန်းမ ၊ မိန်းမပျက် ဖြစ်ရော။
လောကကြီးက အရမ်းတွေတရားပါတယ်။

မွေးလာကတည်းက မေတ္တာအပြည့်ရတဲ့မိသားစုမှာ မွေးလာတာရော၊ လှပတဲ့ အချစ်တွေနဲ့တွေ့ခဲ့ရတာကိုရော အရမ်းတွေကျေးဇူးတင်နေပါတယ်။
အရမ်းတွေကံကောင်းနေတာကိုလည်း ကျေးဇူးပါ။
ခိုင်မြဲတဲ့အချစ်ရေးတစ်ခုကိုတည်ဆောက်ချင်ခဲ့တာ။
သူ့လက်ကိုတွဲပြီး သမီးရွေးထားတဲ့လူနဲ့သမီးက
အဖေတို့အမေတို့လိုဖြစ်မှာမဟုတ်ဘူးလို့ ဝံ့ကြွား
ချင်ခဲ့တာ။
အိပ်မက်တွေအရမ်းကြီးလွန်းသွားတာပဲ ဖြစ်ပါလိမ့်မယ်။ မေတ္တာ ဆိုတာဘာမှန်းမသိတဲ့မိန်းကလေးက အဲ့မေတ္တာကို ခိုင်မြဲအောင် တည်ဆောက်ချင်သတဲ့။ရယ်တော့ရယ်ရသားနော်။
ကိုယ့်ကိုယ်ကို အဲ့လောက်အထင်မကြီးခဲ့သင့်ဘူး
မြူနှင်းရယ်။

Girl With Philophobia (completed) Where stories live. Discover now