ဒီလို တွေးမိလိုက်တော့ ချန်းစီနျန်က သူမကို အထင်သေးစွာ ကြည့်လိုက်ပြီး ပြန်လှည့်ထွက်သွားလေသည်။
ချင်းစုယွဲ့က သူ့ တုံ့ပြန်မှုကိုကြည့်ပြီး စိတ်ရှုပ်သွားသည်။ သူမမှာ ထိုနေရာတွင်ပင် ရပ်နေမိပြီး သူ့ရဲ့ တုံ့ပြန်မှုအား အဖြေရှာနေမိသည်။ မိနစ်အနည်းငယ်လောက် တွေးကြည့်ပြီးသွားတာတောင်မှ မည်သည့်အရာက သူ့အား မကျေမနပ်ဖြစ်စေသည်ကို မပြောနိုင်ခဲ့ပေ။
သူမက သူဆန္ဒရှိတဲ့အတိုင်း သူ့ဘေးကနေ အဝေးကို ပြောင်းရွှေ့ပေးပြီးပြီလေ! သူမက သူ့ဘက်ကို ဒီလောက်တောင် ထောက်ထား ထည့်သွင်းစဉ်းစားပေးထားတောင်မှ ဘာလို့ သူက အရမ်း နားလည်ရခက်တဲ့ပုံကြီး လုပ်နေရတာတုန်း? ဒီလူသားက ဘာလို့ ဒီလောက်တောင် နားလည်ရခက်ခဲရတာပါလိမ့်?
အကယ်၍ သူမသာ မပြောင်းရွှေ့ဘူးဆိုလျှင် နောက်ကျရင် ချန်းစီနျန်က ပြောင်းလိမ့်မည်ဆိုတာ သူမ သိလေသည်။ အဆုံးသတ်မှာတော့ သူ ပြောင်းသည်ဖြစ်စေ သူမ ပြောင်းသည်ဖြစ်စေ ဘာမှ ကွာခြားသွားမည် မဟုတ်ပေ။
ထို့အပြင် ဤနေရာမှာ သူမအတွက်သူမ ဝယ်ထားခြင်း မဟုတ်ချေ။ သည်နေရာကို ရောင်းလိုက်ပြီး ရတဲ့ပိုက်ဆံကို သူမ ကြိုက်နှစ်သက်သည့် နေရာကိုဝယ်ဖို့ သုံးလိုက်တာကမှ ပိုကောင်းသေးသည်။
ချင်းစုယွဲ့ နောက်တစ်နေ့ အိမ်ကို ပြန်ရောက်သည့်အခါတွင် သူမက ချင်းကွမ်းချန်အား ထိုနေရာကို ရောင်းချလိုကြောင်း ပြောခဲ့သည်။ ချင်းကွမ်းချန်မှာ သူ့ညီမလေးက ချန်းစီနျန်နှင့် နီးစပ်ရရေးအတွက် ထိုနေရာကိုဝယ်ယူဖို့ ဘယ်လို အရေးအခင်း ဒုက္ခတွေနှင့် ကြုံဆုံခဲ့ရသလဲ သိရှိလေသည်။ သူ အရင်တုန်းက သူမကို ဘယ်လောက်ပဲ ဖျောင်းဖျခဲ့ပါစေ ဒီနေရာကို ဝယ်ယူဖို့ မဆုတ်မနစ် ဇွဲကောင်းကောင်းဖြင့် ကြိုးစားခဲ့သည်။ ထိုအချိန်တွေကို ပြန်တွေးကြည့်လျှင် ချင်းကွမ်းချန်မှာ သူ့ညီမလေး ဆန္ဒရှိသည့် အရာတို့အား ကြိုးစားဖြည့်စွမ်းပေးဖို့ စိတ်အားမထက်သန်ခဲ့လှပေ။ အခုချိန်မှာ သူမကိုယ်တိုင်က ရောင်းချချင်သည်ဆိုမှတော့ ချင်းကွမ်းချန်က ဒီစိတ်ကူးအား မည်သို့ မထောက်ခံပဲ နေပါမည်နည်း။