ချင်းကွမ်းချန်၏ မျက်ခုံးတစ်စုံမှာ ထိစပ်မတတ် ပိုလို့ပင် ကျုံ့လာလေပြီး သူမရဲ့ စကားတွေကို အာရုံစိုက် တွေးတောလိုက်သည်။ သူ ခဏလောက် ချင့်ချိန်တွေးဆပြီးတဲ့နောက်မှာ "အရင်ဆုံး အိပ်ရာထဲသွားလှဲလိုက်ဦး .. ညီမလေးကို ကြည့်ပေးဖို့ ဆရာဝန် သွားခေါ်လိုက်မယ်"
"အိုကေ.. ကျေးဇူး ကိုကို" ပြန်လှည့်ထွက်ဖို့ ပြင်နေတဲ့ ချင်းကွမ်းချန်မှာ သူ့ခြေလှမ်းတွေကို တုန့်ခနဲ ရပ်လိုက်မိကာ သူမကို သံသယဖြစ်စွာ နှစ်စက္ကန့်လောက် လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတော့ အနေရခက်တဲ့ အကြည့်နှင့်အတူ အခန်းထဲမှ ထွက်သွားလေ၏။
'ထူးဆန်းလိုက်တာ ! လှေကားပေါ်က ပြုတ်ကျတာလေးက ဘာလို့ အဲ့လောက်တောင် ထူးထူးဆန်းဆန်း ပြောင်းလဲသွားစေတာလဲ ?်ဘယ်တုန်းကများ ငါ့ညီမလေးက တစ်ခြားသူတွေအပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်သွားရတာလဲ? အခု သူ့ဦးနှောက်များ ပျက်သွားတာလား? အရင်တုန်းက အရမ်းကြီးတော့ ဥာဏ်မကောင်းခဲ့ပေမယ့်ပေါ့' ထိုအတွေးနှင့်အတူ ချင်းကွမ်းချန်ဟာ ခြေလှမ်းကို ခပ်သွက်သွက် လျှောက်လိုက်လေသည်။
သူ အဝေးသို့ လျှင်လျှင်မြန်မြန် လျှောက်လှမ်းသွားသည်ကို ကြည့်နေရင်း ချင်းစုယွဲ့ဟာ အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်တာ နှလုံးသားထဲမှ လေးလံလာမိသည်။ ဝတ္ထုထဲက မူလ ချင်းစုယွဲ့ဟာ သူမရဲ့အစ်ကိုနှင့် ရင်းရင်းနှီးနှီး နေတတ်ပုံမရပေ။
ဝတ္ထုထဲတွင် ချင်းကွမ်းချန်အကြောင်းကို အများကြီး ဖော်ပြထားတာ မရှိပေမယ့် ကြည့်ရတာ စမတ်ကျ ဥာဏ်ကောင်းပြီး ထက်မြက်သောသူမျိုး ဖြစ်နိုင်သည်။ သူဟာ အသက်ငယ်ငယ်လေးနှင့်ကို ချင်းမိသားစုရဲ့ စီးပွားရေးကိစ္စတွေအား လည်ပတ်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဗီလိန်ဇာတ်ကောင်ရဲ့ လုပ်ရပ်တွေကြောင့် ထိုကိစ္စကြီး၌ ပါဝင်ပတ်သက် ငြိစွန်းခဲ့ရသည်။
ဗီလိန်ဇာတ်ကောင်ဟာ ရှန်ဝမ်းယန့်ရဲ့ ကိုယ်ဝန်ပျက်ကျခြင်းအား အောင်အောင်မြင်မြင် ကြံစည်နိုင်ပြီးသည့် ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုကို ပြန်စဉ်းစားကြည့်လိုက်မိသည်။ အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သည့် ချန်းစီနျန်မှာ ထိုအချိန်တွင်မူ ခွဲစိတ်ခန်း အပြင်ဘက်၌ ဗီလိန်ဇာတ်ကောင်၏ လည်ပင်းအား သူ၏လက်တစ်ဖက်ဖြင့် ညှစ်ကိုင်ထားကာ ရက်စက်ပြီး ကြောက်စရာကောင်းစွာ သတိပေးခဲ့သည် .. "အကယ်၍ သူမသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ငါ မင်းရဲ့အလောင်းကို သူမနဲ့အတူတူ သေသေချာချာကို မြေမြှုပ်ပေးမယ် !"