ငယ်ငယ်တုန်းကဆို မိခင်ဖြစ်တဲ့ သူကိုယ်တိုင်တောင် အမြွှာလေးတွေကို မခွဲတတ်ခဲ့။ အသက်ကလေးနဲနဲရလာတော့မှ သမီးရွှန်းရွှန်းလေးဟာ အမကြီးပီပီ တီတီတာတာနဲ့ စကားများလှကာ အငယ်ကောင်လေး ရှင်းလေးမှာတော့ ခပ်ကုတ်ကုတ်လေးသာ ဖြစ်ပြီး အေးအေးလူလူသာနေတတ်တာမို့ မတူညီတဲ့ အမူအရာလေးတွေ အကျင့်စရိုက်လေးတွေကြောင့်သာ အခုလို အလွယ်တကူ ခွဲခြား နိုင်တာပင်။

"ရှင်းလေးက ခွေးရုပ်လေး ခဏယူထားနော် မမကာတွန်းကားကြည့်ပြီးရင် သားအရုပ်လေးကို မေမေ ပြန်တောင်းပေးမယ် "

ရှုံ့မဲ့မဲ့နဲ့ ခွေးရုပ်ကလေး လှမ်းယူလိုက်သော သားဖြစ်သူကို ဒေါ်ရတီ ဂရုဏာသက်စွာ လှမ်းကြည့်ကာ ၀ဲကျနေတဲ့ သား ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွလိုက်သည်...။

"သားလေးက မေမေနဲ့လိုက်ခဲ့ ..မေမေတစ်ယောက်တည်း ပင်ပန်းနေလို့ မေမေ့ကိုဟင်းချက်ကူနော် "

ကမ်းပေးလိုက်သော သူ့လက်ကို တွဲလာတဲ့ သားငယ် ရှင်းလေးရဲ့လက်ဖြူဖြူ သေးသေးလေးတွေကို ဒေါ်ရတီခင် ဆုပ်ကိုင်လိုက်ကာ မီးဖိုခန်းထဲ ခေါ်ခဲ့လိုက်သည်။

" လာ ..မေမေ့ကို ဟင်းရွက်သင်ကူ "

" ဟုတ် မေမေ "

သားရဲဲ့ချစ်စရာအပြောကို ဒေါ်ရတီ သဘောကျသွားရသည်။ ၅နှစ်အရွယ်လေးနဲ့မလိုက်အောင်ပင် လက်သေးသေးလေးတွေနဲ့သူ ဟင်းရွက်သင်တဲ့ ပုံစံအတိုင်း ခဏလေးနဲ့ တစ်ပုံစံလည်း လိုက်လုပ်ကာ လိမ္မာလွန်းလှတဲ့ သားငယ်ကို ကြည့်ပြီး ပီတိတွေဖြာနေရသည်။အကြီးမ ရွှန်းရွှန်းလေးဟာ ဂျစ်တစ်တစ်နိုင်သလောက် ရှင်းလေးကတော့ နူးညံ့လှတာမို့ မိန်းကလေးနဲ့ယောက်ျားလေး များ မှားမွေးလာမိသလားတောင် ထင်ရလေသည်။

*************************************

"မေမေရေ ရှင်းလေးကိုလာကြည့်ပါဦး "

ရွှန်းရွှန်းရဲ့ အသံစူးစူးလေးဟာ တစ်အိမ်လုံးကိုလွှမ်းသွားတာမို့ ဘုရားပန်းအိုးလဲနေတဲ့ဒေါ်ရတီခင်သာမက တီလေးဖြစ်တဲ့ ဒေါ်၀တီခင်ပါ အလန့်တကြားနဲ့အခန်းထဲ ပြေး၀င်လာကျသည်။

The Dimple On His Cheek ( Completed ) Z+UHikayelerin yaşadığı yer. Şimdi keşfedin