2.6K 337 18
                                    

တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားချက်မျိုးနဲ့ ကျွန်တော်မျက်လုံးတွေဖွင့်လိုက်တော့ ဘေးမှာရှိနေတာက သူဖြစ်နေတယ်…။

"နိုးပြီလား…။"

"အင်း…"

ကောင်းကောင်းမပွင့်သေးတဲ့ မျက်လုံးတွေကို လက်ခုံနဲ့ ပွတ်သက်လိုက်ပြီး သူမေးတာကို ဖြေလိုက်ရင်း တဆက်တည်း သူ့မျက်နှာကိုလည်း စူးစိုက်ကြည့်မိတယ်…။
ငိုပြီးအိပ်ပျော်သွားတဲ့အရှိန်ကြောင့် မျက်ခွံတွေအနည်းငယ်ဖောင်းနေတာကလွဲလို့ သူ့မျက်နှာက ပုံမှန်လိုပဲ ကြည်လင်တောက်ပနေသည်…။

"အဆင်ပြေရဲ့လား…"

ကျွန်တော်မေးတော့ သူပြုံးသည်…။

"မျက်နှာသွားသစ်လိုက်ဦး…"

သူဖိထိုင်ထားတဲ့ စောင်စကို ဖယ်ပေးကာ ကျွန်တော့်ရဲ့ ဆံပင်တွေကို လှမ်းဖွပြီး ပြောတာကြောင့် ကျွန်တော် သူ့မျက်နှာကို အကဲခတ်နေရာကရပ်ပြီး ရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်သည်…။

ရေချိုးချင်ပေမယ့် အဝတ်အစားအပိုပါမလာတာကြောင့် ကိုယ်လက်ပဲဆေးဖို့ စဉ်းစားနေတုန်း အပြင်ကနေ သူက အဝတ်အစားထုတ်ပေးထားတယ်လို့ လှမ်းပြောတာကြောင့် အဝတ်အစားချွတ်ပြီး ရေပန်းအောက်ဝင်လိုက်တယ်…။ရေချိုးပြီး ပြန်ထွက်လာတော့ သူက ကုတင်ပေါ်မှာထိုင်လျက်သားရှိနေသေးသည်…။
သူ့ဘေးမှာ ချထားတဲ့ အဝတ်တွေထဲက တီရှပ်ကို ကောက်စွပ်ကာ ခေါင်းကို ရေသုတ်နေတုန်း…

"ကိုယ်နဲ့တစ်နေရာ သွားကြမလား…"

"ကျွန်တော် ရုံးသွားရဦးမယ်"

"အော်…"

အတန်ကြာငြိမ်နေပြီးမှ ဘာမှဆက်မပြောဘဲ အခန်းပြင်ထွက်သွားသည်မို့ ကျွန်တော်သုတ်လက်စ ခေါင်းကိုသာ ရေပြောင်ဖို့ ဂရုစိုက်လိုက်တော့သည်…။

~~~~~~~

"ကျေးဇူး…"

ထမင်းစားပွဲမှာ အသင့်ပြင်ထားတဲ့ ကော်ဖီခွက်ကို တစ်ငုံသောက်လိုက်ပြီး ကျေးဇူးတင်စကားပြောတာတောင် သူက မော့ကြည့်မလာဘဲ သူ့ရှေ့က ကြက်ဥကြော်ကို သာအာရုံစိုက်ချင်ယောင်ဆောင်နေသည်…။

Darling~Where stories live. Discover now