Unicode
ဆုံစည်းစေသော ကံကြမ္မာ
(အပိုင်း - ၅ )
"ဒါဘာသဘောလဲ ဆည်းဆာချို ။ မင်း ငါ့ဆန္ဒကို မမေးဘဲနဲ့ ဘာလို့ အဖေ့ကို သွားပြောရတာလဲ "
ခန့်ထည်ဝါက မေးတော့ ဆည်းဆာချိုက ခပ်လှောင်လှောင် ရယ်သည် ။
"အဟင်း ။ ဘာလဲ ခန့်ထည်ဝါ နင့်ဆန္ဒက နဒီနဲ့ လက်ထပ်ပြီး ကုမ္ပဏီကို အပိုင်စီးချင်တာလား "
"မင်း! ငါတို့ ပြောတာကို ခိုးနားထောင်တယ်ပေါ့ "
"ငါ ခိုးနားထောင်တာမဟုတ်ဘူး ။ နင်တို့သာ ခြံထဲမှာ ခိုးကြောင်ခိုးဝှက်ပြောနေတာ "
"တောက်! ဆည်းဆာချို ငါ မင်းနဲ့ စေ့စပ်ပွဲလည်း မလုပ်နိုင်ဘူး ။ မင်းကို လက်ထပ်မှာလည်း မဟုတ်ဘူး "
"ဒါဆိုရင် နင် ဖေဖေ့ကို သွားပြော ခန့်ထည်ဝါ ။ ငါ့ကို လာမပြောနဲ့ "
"မင်း သေချာစီစဉ်ထားတာပဲ "
ဆည်းဆာချိုဆိုသည့် မိန်းမက သူ၏ အားနည်းချက်ကို အသုံးချပြီး အစီစဥ်ချခဲ့တာပင် ။ ခန့်ထည်ဝါသည် ဦးမင်းခေါင်ကို ကိုယ့်အဖေအရင်းလို သဘောထားပြီး လေးစားကာ စကားလည်း နားထောင်သည် ။ ဒါကို ဆည်းဆာချိုက အခွင့်ကောင်းယူသွားသည် ။
"ကောင်းပြီလေ ဆည်းဆာချို ။ ငါ မင်းနဲ့ စေ့စပ်ဖို့ သဘောတူလိုက်မယ် ။ မင်းကို ကြည်ဖြူလို့တော့ မဟုတ်ဘူး ။ မင်းကို သိပ်မုန်းလို့ ။ မင်း ငါနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တစ်သက်လုံး နောင်တရစေရမယ် "
"ရတယ် ၊ ကိစ္စမရှိဘူး ခန့်.ထည်.ဝါ "
ဆည်းဆာချိုက မထီမဲ့မြင်အကြည်နှင့် ဂရုမစိုက်သလို ပြန်ပြောသည် ။
ခန့်ထည်ဝါသည် ဆည်းဆာချို ကို ကျောခိုင်းပြီး ထွက်လာခဲ့သည်။ ''ဆည်းဆာချို ငါ မင်းကို သိပ်မုန်းတယ် ။ မင်းက ငယ်ငယ်တည်းက မင်း ဖြစ်ချင်တာပဲသိတယ် ။ သူတပါး ခံစားချက်ကို အလေးမထားဘူး ။ အဲ့ဒီလို အကျင့်တွေရှိတဲ့ မင်းကို သိပ်မုန်းတယ် ''
××××××××
ဆည်းဆာချိုသည် စေ့စပ်ပွဲနေ့မှာ ကိုယ်တိုင်ဒီဇိုင်းဖန်တီးပြီး ချုပ်ထားသည့် ဂါဝန်ရှည်အနီရောင် ကိုယ်ကျပ်ဝတ်စုံလေးကို ဝတ်ပြီး အလှပဆုံးပြင်ဆင်ထားတာတောင်မှ ခန့်ထည်ဝါက တစ်ချက်တောင် လှည့်မကြည့်ခဲ့ ။