အခန်း (၁၇) - အလုပ်ပြောင်းခြင်း

2.9K 326 7
                                    

လူရွေးပွဲနေ့ရောက်တော့ Li Shang က အစောကြီးအိပ်ရာထပြီး အ၀တ် အစားသစ်တွေဝတ်ကာ သွားဖို့အဆင်သင့် ပြင်နေခဲ့သည်။ သူ့အိတ်ကို လှည့်ယူလိုက်တဲ့ အချိန်မှာ Han Dong က သူ့ဘောင်းဘီကို ကိုင်ကာ "ဒါကို လဲဝတ်စမ်းပါ" လို့ ပူပန်စွာ ပြောနေတာကို တွေ့လိုက်ရ၏။

Li Shang က Han Dong စိတ်အားထက်သန်နေတာကို စိတ်မပျက်သွား စေချင်တာနဲ့ ဘောင်းဘီကို အိတ်ထဲ ထည့်လိုက်သည်။

"လူရွေးပွဲနေရာရောက်ရင် ကျွန်တော် လဲဝတ်လိုက်ပါ့မယ်"

Li Shang ထွက်သွားပြီးတော့ Han Dong က ပြန်မအိပ်နိုင်တော့ဘဲ ရှုပ်ပွပွ ဆံပင် အဆုပ်လိုက်ဖြင့် Ye Chengling အခန်းထဲ ၀င်သွားပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ အိပ်ရာပေါ် မှောက်ချလိုက်သည်။

Ye Chenglin က သူ့ခေါင်းနောက်ဖက်လေးကို ပုတ်ကာမေးလိုက်သည်။

"ဘာလို့ သူနဲ့လိုက်မသွားတာလဲ"

"ကျွန်တော် ဒီလောက ကနေ အပြီးထွက်လိုက်ချင်ပြီ"

Ye Chenglin က သူပြောတာကို လုံးဝမယုံဘဲ ရယ်ပြီးနောက်ပြောလိုက်သည်။

"အရင်နှစ်ရက်ကပဲ မင်းအောင်မြင်မှာလို့ စိတ်ထဲမှာထင်နေသေးတယ် မဟုတ်လား... အခုအရေးကြီးတဲ့အချိန်မှ ဘာလို့ ထွက်မယ်လို့ ကြေညာနေရတာလဲ"

Han Dong က ကျိန်းသေ တကယ့် အကြောင်းရင်းကိုလည်း ရင်မဆိုင်ချင်၊ တခြားလည်း ဘာမှပြောစရာမရှိဘဲ "ကျွန်တော် အဲဒါကို ပျင်းသွားလို့" လို့ပဲ ပြန်ပြောလိုက်သည်။

"ပျင်းတာက ဘာလဲဆိုတာ မင်းက သိသေးတယ်ပေါ့"

Han Dong ကို Ye Chenglin စသိတဲ့ နေ့ကတည်းက သူဟာ ဘေကျင်းစတူဒီယိုရှေ့မှာ မတုန်မလှုပ် စခန်းချနေခဲ့တာ သုံးနှစ်ဟာ တစ်ရက်တည်းလိုပင်။ Ye Chenglin အမြင်မှာ Han Dong ဟာ သရုပ်ဆောင်လောကကို အမြဲတမ်း မမောနိုင်မပန်းနိုင် သဘောကျသူဖြစ်ပြီး ဘယ်သူဘာပြောပြော အလွန်ခေါင်းမာသူ တစ်ယောက် ဖြစ်သည်။

"ကျွန်တော့် အရည်အချင်းတွေကို ၀ိုင်းပြီးစဉ်းစားပေးပါလား" Han Dong က မေးလိုက်သည်။

"၀ိုင်းစဉ်းစားပေးစမ်းပါ...ကျွန်တော် ဘာလုပ်နိုင်မလဲ" Han Dong မျက်နှာမှာ စိုးရိမ်မှုတွေ အပြည့်ဖြစ်နေသည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now