Chapter 4

13.3K 1.8K 52
                                    

စာအုပ်ကို ဖွင့်ကိုင်ကာ နံရံကိုကျောမှီထိုင်နေသော်လည်း စာတွေကို ကျွန်တော် တစ်လုံးမှမမြင်။

ညကလည်း ရင်တွေခုန်လွန်းရ၍ တစ်ညလုံးအိပ်မရခဲ့။

တကယ်တော့ ကောင်းကောင်းအိပ်မရခဲ့တာ သုံးညရှိပြီဖြစ်သည်။ ကိုစိုင်းဖွင့်ပြောလာခဲ့သည့်ညကလည်း အပျော်တွေလွန်ကာ အိပ်မရခဲ့။ နောက်နေ့များတွင်လည်း ဘာမှမဖြစ်ဟန်ဆောင်ရတာရော၊ ကိုစိုင်းကိုတွေ့လျှင် ရင်တွေခုန်ရလွန်းတာရော ပေါင်းကာ နေ့အချိန်များတွင် စိတ်လှုပ်ရှားရသလောက် ညဖက်များတွင်လည်း အိပ်မရခဲ့။

ဒီနေ့ည..

ဒီနေ့ည ကျွန်တော် ကိုစိုင်းကိုအဖြေပေးရမည်။

နှစ်ချက်ဆက်တိုက်မြည်လာသော ဆိုင်ကယ်ဟွန်းသံကြောင့် ကျွန်တော် ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်သည်။ အိမ်ရှေ့မှာ ရပ်ထားသောဆိုင်ကယ်ပေါ်တွင် ကိုစိုင်းရှိနေသည်။ ဆိုင်ကယ်ပေါ်မှ လက်ပြလာသော ကိုစိုင်းမျက်နှာသည် အရင်နေ့များကထက်စာလျှင် တည်နေသလို။

"လာပြီ ကိုစိုင်း.."

အိမ်ရှေ့မှာ ချထားသော ကျောပိုးအိတ်ကို လှမ်းဆွဲလိုက်ရင်း အိမ်ရှေ့လှေကားမှ ဆင်းရန်ပြင်ချိန် မီးဖိုခန်းမှ မေမေ ခေါင်းပြူလာသည်။

"ဘယ်သွားမလို့လဲ သား.."

"ကိုစိုင်း လက်ဆည်ကန် မရောက်ဖူးဘူးဆိုလို့ လိုက်ပို့မလို့.."

"နေအေးမှ သွားတာမဟုတ်ဘူးဟယ်.. သားစိုင်းက နေပူဒဏ်ခံနိုင်တာ မဟုတ်ဘူး.."

ဒီလိုပဲ မေမေက ကျွန်တော့်ထက်ကိုစိုင်းကို ပိုပြီးစိတ်ပူတတ်နေပြီဖြစ်သည်။

ကျွန်တော်ရော ကိုစိုင်းပါ အိမ်မှာနေပြီး ဘော်ဒါဆောင်မှာ နေ့ဖက်သာကျောင်းတက်ဖို့ပင် မေမေပြောနေပြီဖြစ်သည်။ ကိုစိုင်းတစ်ယောက်တည်း အိမ်ငှားနေတာကို မေမေ သနားနေသည်။ စားဖို့သောက်ဖို့ကအစ ကိုစိုင်းအ၀တ်အစားတွေပါ လျှော်ဖွပ်မီးဖိုတိုက်ပေးရန် မေမေ စိတ်ပူပန်ကာ မကြာခဏ မေးမြန်းနေတတ်သည်။

"ညစာအိမ်ပြန်စားနော်.. မင်းတို့ကြိုက်တဲ့ ရှောက်သီးသုပ်လုပ်ထားပေးမယ်.."

မြို့ဟောင်းမြေမှ ချစ်သက်သေWhere stories live. Discover now