ဆန်းဝန်း စိတ်ထဲမှာ မျှော်လင့်ချက်တွေ မှေးမှိန်စပြုလာပြီ။ ဂျောင်ဟွန်ကို အကြောင်းစုံ ပြောပြဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သူ့ကိုပါ ထိခိုက်မှာ စိုးရိမ်နေတယ်။ ဂျောင်ဟွန် စတူဒီယိုကို ရောက်လာတော့ ပျက်စီးနေတဲ့ ပန်းချီကားတွေကို မြင်ပြီး အံ့သြသွားတယ်။
“ ဒါ ဘယ်လိုဖြစ်တာလဲ ဆန်းဝန်း မင်းထိခိုက်သွားသေးလား"
ပြောပြဖို့ ခက်ခဲလွန်းပေမယ့် ဂျောင်ဟွန်ရဲ့ စကားကြောင့်
"ရည်းစားဟောင်းပါ"
ဂျောင်ဟွန် ပန်းချီကားတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေ ထဲမှာ ပူပင်မှုထက် ကရုဏာစိတ်တွေ များနေတယ်။
"ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးမယ်။ ကျွန်တော်တို့ ဒီပန်းချီပြပွဲကို ဆက်လုပ်ကြမယ်။ ခင်ဗျားကို ဘယ်သူမှ ဖျက်ဆီးခွင့်မပြုနိုင်ဘူး။"
ဂျောင်ဟွန်ရဲ့ စကားကြောင့် ဆန်းဝန်း စိတ်သက်သာရာရသွားပေမယ့် ခြိမ်းခြောက်ခံထားရတဲ့ အခြေအနေကို မေ့ထားလို့မရဘူး။ ဂျောင်ဟွန်ကို သူ့ကြောင့် အန္တရာယ်ကျရောက်စေချင်စိတ် လုံးဝ မရှိဘူး။
"မဖြစ်ဘူး ဂျောင်ဟွန် သူက ခင်ဗျားကိုပါ ဒုက္ခပေးလိမ့်မယ်။ ဒီပြပွဲကို မလုပ်တော့ပါဘူး”
“လက်လျှော့လိုက်တော့မလို့လား ကျွန်တော် ခွင့်မပြုဘူးနော်။ ဆန်းဝန်း မင်းက မင်းထင်ထားတာထက် ပိုသန်မာပါတယ်”
ပျက်စီးသွားတဲ့ ပန်းချီကားတွေအစား အရင်က ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ပြပွဲမှာ ပြသဖို့ စီစဉ်ပေးခဲ့တယ်။ အရင်က ဆန်းဝန်းရဲ့လက်ရာတွေဟာ ဂျောင်ဟွန်ရဲ့ အနုပညာပြခန်းမှာ နေရာယူ လာခဲ့တယ်။
ပန်းချီပြပွဲဖွင့်ပွဲနေ့။ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ပြည့်နေတဲ့ ပြခန်းထဲမှာ ရပ်နေတယ်။ သူ့ရဲ့ နှလုံးသားက ပျော်ရွှင်မှုနဲ့ ကြောက်ရွံ့မှုတို့ ရောထွေးနေတယ်။ ဂျောင်ဟွန် သူ့ဘေးမှာ ရပ်ပြီး
“တွေ့လား ကျွန်တော်ပြောသားပဲ၊ ဆန်းဝန်းမှာ လုပ်နိုင်စွမ်း ရှိပါတယ်လို့”
ဆန်းဝန်း မျက်လုံးတွေက တံခါးဝကို မကြာခဏ ကြည့်နေမိတယ်။ သူရောက်လာမလား။ ဘာတွေ ထပ်လုပ်မလဲ။
တံခါးဝကနေ ထည်ဝါခန့်ညားတဲ့ အမျိုးသားတစ်ယောက် ဝင်လာခဲ့တယ်။ အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်။ သူရဲ့ မျက်လုံးတွေက ဘယ်ကိုမှ မကြည့်ဘဲ ဆန်းဝန်းနဲ့ ဂျောင်ဟွန်ဆီကို တည့်တည့်စိုက်ကြည့်နေတယ်။ ပြခန်းထဲက လူတွေက သူ့ကို အံ့သြတကြီး ကြည့်နေကြတယ်။ နာမည်ကြီး စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့် လူတိုင်းက သူ့ကို သိကြတယ်။
ဆန်းဝန်းနဲ့ ဂျောင်ဟွန်ရှေ့မှာ ရပ်လိုက်တဲ့အချိန် တိတ်ဆိတ်မှုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားတယ်။
"မင်းငါ့စကားကို မနာခံဘူးပဲ ဆန်းဝန်း "
"ကျွန်တော့်ရဲ့ အနုပညာကို ခင်ဗျား ထိန်းချုပ်လို့မရဘူး ဂျုံယွန်း"
ပြန်ပြောလာတဲ့ ဆန်းဝန်းရဲ့စကားကို ဂရုမစိုက်ဘဲ ဂျောင်ဟွန်ဘက်ကို လှည့်လိုက်တယ်။ ပြုံးထား ပေမယ့် အေးစက်မာကြောနေတယ်။
"ပတ်ခ်ဂျောင်ဟွန်၊ ခင်ဗျားက ဆန်းဝန်းကို ကူညီပေးတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်။ ကူညီပေးတဲ့ကိစ္စကို ဒီမှာပဲ ရပ်လိုက်ရင် ကျေးဇူးတင်တာကို ရပြီး မရပ်ဘူးဆိုရင်တော့ "
"သူက ခင်ဗျားရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး သူက လွတ်လပ်တဲ့ အနုပညာရှင်တစ်ယောက်။"
ဘာစကားမှမပြောဘဲ ပန်းချီကားတစ်ချပ်နားကို သွားပြီး အပြာရောင်ပင်လယ်ပန်းချီကားကို သူ့ရဲ့ လက်နဲ့ ဖျက်ဆီးပစ်လိုက်တယ်။
ပြခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ဆန်းဝန်းကို တစ်ချက်ကြည့်ပြီး ပြခန်းထဲက ထွက်သွား ခဲ့တယ်။
