စိတ်ပြေလက်ပျောက် ပန်းချီဆွဲမယ်လို့ စိတ်ကူးရင်း လာခဲံပေမယ့် စိတ်ထဲမှာ ဂျုံယွန်းရဲ့ စကားတွေ ပဲ့တင်ထပ်နေတုန်းပဲ။ တကယ်ပဲ သူ့ဆီ ပြန်သွားမိတော့မှာလား။ ဒီအဆိပ်အတောက်ထဲကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘူးလား။ အတွေးများနေချိန်မှာပဲ ့ အချစ်ဆုံးသူငယ်ချင်း ဂျီယွန် ရောက်လာတယ်။ ဂျီယွန်က သူ့ရဲ့ လက်ရှိ စိတ်အခြေအနေကို ကောင်းကောင်းသိတဲ့သူ။ သူ ဆန်းဝန်းရဲ့ မျက်နှာကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။
" နင် နေလို့မကောင်းဘူးလား။ ဟိုကောင် လာသွားတယ်ဆိုတာ ငါ ကြားလိုက်လို့ ဘာတွေဖြစ်ခဲ့တာလဲ။"
ဂျီယွန်ကို မြင်တော့မှ နည်းနည်းစိတ်သက်သာရာ ရသွားတယ်။
"သူ လာသွားတယ် ပြီးတော့ ငါ့ကို မနက်ဖြန် တွေ့ရမယ်လို့ ပြောသွားတယ်။ အမိန့်ပေးသလိုပဲ။"
ဂျီယွန်ရဲ့ မျက်နှာက ဒေါသကြောင့် နီရဲလာတယ်။
"ဘာ အဲ့ဒီလူက အခုထိ နင့်ကို ဒီလိုပဲ လုပ်နေတုန်းပဲလား။ နင်သူ့ကို မတွေ့နဲ့ ဆန်းဝန်း။ နင် ဒီအဆိပ်အတောက်လို ဆက်ဆံရေးထဲက ထွက်ရမယ်။ နင်ဒီလို ဆက်ခံနေလို့မဖြစ်ဘူး။"
ဂျီယွန် သူ့လက်ကို ဆွဲကိုင်လိုက်ပြီး စတူဒီယိုကနေ ဆွဲခေါ်ထုတ်သွားတယ်။
"လာ နင်နဲ့ငါ အပြင်သွားမယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ဂျုံယွန်းဆိုတဲ့ နာမည်ကို မေ့ပစ်လိုက်။ ငါနင့်ကို အလုပ်သစ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်"
ငြင်းဆန်ဖို့ ခွန်အားမရှိတော့တာကြောင့် ဂျီယွန် ခေါ်ဆောင်ရာနောက်ကို လိုက်သွားခဲ့တယ်။ ဂျီယွန် သူ့ကို နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ အဲ့ဒီမှာ ပတ်ခ်ဂျောင်ဟွန် ဆိုတဲ့ နာမည်ကြီး အနုပညာပြခန်း ပိုင်ရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ပတ်ခ်ဂျောင်ဟွန်က ဆန်းဝန်းရဲ့ ပန်းချီကားတွေကို မြင်ဖူးပြီး သူ့ရဲ့ ပါရမီကို အသိအမှတ်ပြုထားတဲ့သူ။
"ဆန်းဝန်းရဲ့ လက်ရာတွေကို ကျွန်တော် အမြဲလေးစားခဲ့ရပါတယ်။ ပန်းချီကားတွေမှာ ထူးခြားတဲ့ ခံစားချက်တွေရှိတယ်။ ကျွန်တော် ပန်းချီပြပွဲတစ်ခု လုပ်ပေးချင်ပါတယ်။"
ဂျောင်ဟွန်ရဲ့ ကမ်းလှမ်းမှုကို ကြားတော့ အံ့သြသွားတယ်။ သူ့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှု အနည်းငယ် ဝင်လာပေမယ့် ဂျုံယွန်းရဲ့ စကားတွေက သူ့ကို ပြန်ခြောက်လှန့်နေတယ်။
"တခြားတစ်ယောက်နဲ့ တွေ့ရင် မင်းနာကျင်ရလိမ့်မယ်"
ညစာစားပွဲဟာ ပျော်ရွှင်စရာကောင်းခဲ့တယ်။ ဂျောင်ဟွန်က ဆန်းဝန်းကို စိတ်ရင်းမှန်နဲ့ အားပေး စကားတွေ ပြောပြီး သူ့ရဲ့ အနုပညာကို မြှင့်တင်ပေးချင်တယ်။ ဒီအချိန်လေးမှာ ဂျုံယွန်းနဲ့ ပတ်သက် နေတဲ့ ခံစားချက်တွေကို ခဏလောက် မေ့ထားနိုင်ခဲ့တယ်။ ဂျောင်ဟွန်က သူ့ကို ပန်းချီပြပွဲအတွက် ကူညီဖို့ ညဘက်နောက်ကျတဲ့အထိ စကားတွေ ဆက်ပြောနေခဲ့တယ်။
ဒါပေမဲ့ သူတို့ မသိလိုက်တဲ့ တစ်နေရာမှာတော့ မျက်လုံးတစ်စုံက သူတို့နှစ်ဦးကို စောင့်ကြည့် နေခဲ့တယ်။ စားသောက်ဆိုင်ရဲ့ မှောင်ရိပ်ကျတဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ ဂျုံယွန်းဟာ ပျော်ရွင်ရယ်မောနေတဲ့သူနှစ်ဦးကို အစကနေ အဆုံးထိ စောင့်ကြည့်နေခဲ့တာ။ သူ့ရဲ့ မျက်လုံးတွေက အေးစက်ပြီး နက်မှောင်နေတယ်။ သူ့လက်ထဲက ဝိုင်ခွက်ကို ခပ်တင်းတင်း ဆုပ်ထားတာကြောင့် လက်ချောင်းတွေဟာ ဖြူဖျော့နေပြီ။
"ငါ မင်းဆီ ပြန်လာမယ်လို့ ပြောပြီးပြီ ဆန်းဝန်း ငါ့စကားကို ဘယ်တော့မှ မဖီဆန်သင့်ဘူး။"
ဂျုံယွန်းရဲ့ မျက်နှာမှာ အေးစက်စက်အပြုံးတစ်ခု ပေါ်လာတယ်။ ဖုန်းထုတ်ပြီး လက်ချောင်းတွေ လှုပ်ရှားလိုက်တယ်။
“ဆန်းဝန်းရဲ့ နောက်ကို လိုက်။ ပတ်ခ်ဂျောင်ဟွန်ဆိုတဲ့လူအကြောင်း အသေးစိတ် ရှာပေး။ အခု ချက်ချင်း။”
