'' ပြောင်းဖူးစေ့တွေပါ ကိုကိုဝန်ဝူးရဲ့ ''
  
   ချန်းကိုယ်တိုင်လည်း သူ့လက်ထဲက အစေ့တွေကို ကြောင်တောင်တောင် ဖြစ်သွားပုံရသည်။ ထို့ကြောင့် မကြဲခင် သုံးခါလေးခါလောက်ကြည့်ပြီး ဂူမီဟိုကောင်ကို အမှားပြင်ပေးသည်။
  
   '' ဟုတ်လား ! ''
  
   အသံကိုက မယုံသင်္ကာနှင့်။ ဦးနှောက်ရှိသော်လည်း အမြင်မရှိတော့ ခက်ချေသည်။ ဟိုးတစ်နေ့ကလည်း သူ၏ အမြင်အာရုံ ချို့ယွင်းမှုကြောင့် မင်ဂယူမှာ နဂါးကင်ဘဝသို့ ရောက်ရမလို ဖြစ်သွားရသေး၏။
  
   မိမိအား မိစ္ဆာနဲ့မှားပြီး တိုက်ခိုက်သည်တဲ့။ သူလို တအားချောသည့်သူကို ရုပ်ဆိုးဆိုးမိစ္ဆာနဲ့ မှားသည်က ဩချစရာ။ ထိုအဖြစ်ကြောင့် မိမိ၏ ထိပ်က ဆံပင်သုံးချောင်းကလည်း မီးလောင်သွားရသေးသည်။ လျော်ကြေးပြန်‌တောင်းတော့လည်း အမြီးမြှောက်လိုက် ၊ အီးပေါက်လိုက် ရုပ်တည်ကြီးနဲ့ မသိချင်စရာဆောင်သည်။ နည်းနည်းလေးမှ အကျင့်ကောင်းသည့်ဟာ မဟုတ်။
  
   လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက်နစ်နာမူအနေဖြင့် ခမည်းတော်ဆီ တိုင်တော့လည်း လျော်ကြေးအစား နောက်ထပ်ဆံပင်ငါးချောင်းပါ မီးရှို့ပေးလိုက်သေးသည်။ အဖေအရင်းတောင် ဟုတ်၍လား မေးချင်စိတ်တွေက တဖွားဖွား။
  
   သူမကြိုက်သည့်အရာများစာရင်းလုပ်ခိုင်းရင် ဒီဂူမီဟိုကို စာလုံးအမဲကြီးနဲ့ ‌ထိပ်ကနေ ရေးပစ်မည်ဖြစ်ပါသည်။ ဒီလောက်ကို မင်ဂယူက ထိုမြေခွေးစုတ်ကို မုန်းပါသည်။
  
   '' ကိုကိုလေးနဲ့ အစ်ကိုဝန်ဝူး တကယ်မကောင်းဘူးဆိုတာ သိလား ? ''
  
   ချန်းက အိတ်ထဲက ပြောင်းဖူးစေ့လက်တစ်ဆုပ်စာကို ကြဲရင်း အသံမာမာဖြင့်မေးသည်။ မင်ဂယူကော ၊ ဝန်ဝူးပါ အိတ်ထဲ လှမ်းနေသောလက်များက တုံ့ခနဲ ရပ်သွားရပါသည်။ ခမည်းတော်ဒေါသနဲ့ အဖေ့ဒေါသတစ်ခု ရွေးဆိုရင် စဉ်းစားနေစရာတောင်မလို။
  
   ခမည်းတော်က နဂါးမျက်စောင်းဆိုသည့်အတိုင်း မှားတာတစ်ခုခု လုပ်ရင် မျက်စောင်းကြီးသာ ထိုးကြည့်တတ်၏။ password မသိသူအဖို့ကတော့ ကြောက်ကောင်းကြောက်နိုင်ပေမဲ့ password သိသူများအဖို့ကတော့ ခမည်းတော်ဟာ မျက်စောင်းထိုးတာကလွှဲပြီး သူတို့ကို ဘာမှမလုပ်။ ဒါကြောင့် ဂျောင်ဝန်ဝူးတစ်ယောက် သူ့ခမည်းတော်ကို ဖက်လိုက်၊ နမ်းလိုက် စိတ်ရူးပေါက်သလို လုပ်နေတာဖြစ်သည်။ မဟုတ်ပါက စကတည်းက မြေခွေးဘဝကနေ အသက်ထွက်ပြီး ဇီးကွက်ဘဝကို ပြောင်းနေလောက်ပြီ ဖြစ်ပါသည်။
  
   အဲ အဖေကတော့ ပါးစပ်ကနေကော ၊ အကြည့်ကနေမစ။ သူစသည်က သူအမြဲတမ်းကိုင်နေကျ လက်စွဲတော်ကြိမ်လုံးကြီး။ သူမကျေနပ်တာ ၊ အမြင်မတော်တာတွေ့ရင် ရွှီးခနဲ ၊ ရွှီးခနဲ ချတတ်သည်။ မိမိတို့မှာ ဘယ်လောက်ပဲ အစွမ်းရှိရှိ ၊ မြေလျှိုးမိုးပျံ ထွက်ကာ ပြေးပြေး ၊ အချိန်တန်ရင် အဖေ အထုအရိုက်ကို ခံရပြီးသား ဖြစ်ပါသည်။
  
   မှတ်မှတ်ရရဆိုရင် အီချန်း သူတို့အိမ်ကို ရောက်ပြီး သုံးနှစ်အကြာ ဖြစ်လောက်မည်။ မိမိနှင့် မြေခွေးအစုတ်ပလုတ်မှာ မိုးရွာတုန်းရေခံသည့်သဘောဖြင့် အီချန်းကိုပါ ခေါ်ပြီး ရေထွက်ချိုးကျသည်။ ထိုအချိန်က အဖေကော ၊ ဦးလေးဂျီဆူးမှာ အိမ်မှာ မရှိကျ။ ထို့ကြောင့် တားမဲ့ ဆီးမဲ့သူလည်း မရှိ။ သုံးဦးသားမှာ လွတ်လပ်ရေးရနေကျသည့် နိုင်ငံသားများ သဖွယ်။
  
   ကျွေးသမျှစား၍ ဝတုတ်လေးဖြစ်နေသော အီချန်းကို ကျောပိုး၍ လယ်ကန်ဘောင်ရိုးမှာ ငါးနိူက်ရန် ကြံစည်ကျသည်။ ကန်ဘောင်ရိုးကို ရောက်ပြီး မိုးရေချိုးကာ ပျော်တော့ ပျော်လိုက်ရပါသေး၏။ နို့ပေမဲ့လည်း မိမိနဲ့ ထိုမြေခွေးမှာ တစောင်းစေး နှင့် မျက်ချေးပေမလို့ အချိန်အနည်းငယ်လည်းကြာကော ယိုင်တီးယိုင်နဲ့ ပျက်ချင်ချင် မဟာမိတ်ဆက်ဆံရေးမှာ ပျက်စီးသွားရသည်။
  
   ပျက်ရသည့်အကြောင်းကလည်း ထိုမြေခွေးစုတ်မှာ မိမိဘောင်းဘီထဲ သူဖမ်းမိထားသော လယ်ဂဏန်းကြီးလာထည့်သောကြောင့် ဖြစ်၏။ နဂါးမျိုးတုံးအောင် ကြံစည်သည်ဆိုသော ကြီးမားသော ပြစ်မှုကြောင့် ထိုလယ်ထဲမှာပင် သူနှင့် ထိုဂူမီဟိုမှာ  နပန်းသတ်ကျတော့သည်။ ထိုနှစ်ပြည်ထောင် နပန်းသတ်ပွဲကို  လမ်းဖြတ်သွားသော အဒေါ်ကြီးတစ်ယောက်က မြင်ပြီး အဖေ့ကို သွားတိုင်၍ ထိုမြေခွေးကော ၊ မိမိပါ ပယ်ပယ်နယ်နယ် အရိုက်ခံလိုက်ရပါသေးသည်။
  
   မိုးရေထဲထွက်ဆော့တာက အကြောင်းမဟုတ်ပေမဲ့ ရန်ဖြစ်ပြီး ၊ ကလေးကို ခေါ်သွားတာကြောင့် ဖြစ်ပါ၏။ အီချန်းမှာ နူတ်ခမ်းတွေပြာပြီး တဆတ်ဆတ်တောင်တုန်သည်အထိ ဖြစ်၍ အဖျားကြီးသွားသည်မလို့ အဖေက သူတို့ကိုရိုက်ခြင်း ဖြစ်သည်ကို မင်ဂယူနားလည်ပါသည်။
  
   ဒါပေမဲ့လည်း မိမိမှာ အပြစ်မရှိဘဲ ဖင်နာသွားရသည့်အဖြစ်ကို ဒီတစ်သက်မမေ့။ ထိုဂူမီဟိုနဲ့ သူ့အငြိုးတွေက ထိုကဲ့သို့ပါဆို။ 
  
   '' ကောင်းပါတယ် ... ငါတို့က သားသမီးလေ ... ခမည်းတော်က သူ့ယောက်ျား ... ခမည်းတော်ကိုတော့ ကြိမ်လုံးကြီးနဲ့ မရိုက်လောက်ပါဘူး ! ''
  
  
   '' ရိုက်ရင် ဘယ်လိုလုပ်မလဲ ? ''
  
   '' အရူးလား ...? တစ်ယောက်နဲ့တစ်ယောက် လေလုံးတောင် မဆက်တာကို တကူးတကခေါ်ပြီး ရိုက်နေအုံးမယ် ''
  
   မင်ဂယူက ပြောင်းဖူးစေ့တစ်ဆုပ်ကို ကြက်များဆီ ထပ်ကြဲရင်း ပေါ့ပေါ့တန်တန်ဆိုလိုက်သည်။ ဒါပေမဲ့လည်း အီချန်းကော ၊ ဝန်ဝူးပါ သူ့စကားကို သံယောင်မလိုက်ကျ။ သူတို့အကြည့်က မင်ဂယူရဲ့ နောက်ကျောကို ရောက်နေကျသည်။ ကြည့်ရသည်မှာ ကြောက်နေကျသည့်အတိုင်း။
  
   '' အဲ့တော့ အဖွဲ့ထဲက သစ္စာဖောက်က မင်းပေါ့ ''
  
   အေးစက်စက်လေသံနှင့် ထိပ်က ပူခနဲဖြစ်သွားသည့် ခံစားချက်အရ မင်ဂယူမှာ ကြက်ခြံအဝကို ကမန်းကတမ်းစိုက်ကြည့်မိပါ၏။ ခမည်းတော်မဟုတ်သော်လည်း ခမည်းတော်နီးပါးလောက် ကြောက်စရာကောင်းသော အစ်ကိုကြီးက မျက်လုံးများမှေးလျက် မင်ဂယူကို စိုက်ကြည့်နေတော့သည်။
  
   မင်ဂယူမှာ ထိပ်ကို စမ်းကြည့်မိတော့ ကပ်ပါလာသည်က မီးလောင်နေပြီဖြစ်သော ဆံပင်မွှေးဆယ်ချောင်း။ သစ္စာဖောက်သည့် ကိစ္စကို နောက်ထားလို့ ဒီနစ်နာသူ အရင် ဖြေရှင်းချက်ပေးကြည့်ကျပါအုံး။
  
   ' တကယ် ညီအရင်းကော ဟုတ်ရဲ့လား !! တကယ် ဒီမိသားစုက မွေးလာတာကော ဟုတ်ရဲ့လား !!! '


***





  

Red String Theory Tempat cerita menjadi hidup. Temukan sekarang