ပင်လုံးကြိုင်ပင်ကြီးမှာ ပန်းများပင် ဖူးပွင့်လာခဲ့ပြီဖြစ်ပါသည်။ ပင်လုံးကျွတ် ဖူးပွင့်နေသော ထိုပန်းများ၏ ထုံအီနေသော ရနံ့များသည် အနီးပတ်၀န်းကျင်တစ်ခုလုံးကို အတားအဆီးမရှိ ပျံ့နှံ့နေပါသည်။ ထိုမျှသာမက ကျောက်ဆောင်များသို့ တဝုန်းဝုန်း ရိုက်ခတ်နေသော ပင်လယ်လိူင်းပုတ်သံများကိုလည်း ဒီနေရာလေးမှ အတိုင်းသား ကြားနေရပါသေးသည်။
ယခုနေရာသည် ဂျီဆူး အားတိုင်း ဗျပ်စောင်းလာတီးနေကျ နေရာဖြစ်ပါသည်။ ယခင်က တစ်ယောက်တည်း ဆိုပေမယ့် ယခုတော့ တစ်ယောက်ပိုလာခဲ့ပါသည်။
ဂျီဆူးသည် ဗျပ်စောင်း၏ ကြိုးမျှင်များပေါ် လက်ချောင်းများကို အသာအယာတင်ထားခဲ့ပါသည်။ သို့သော်လည်း အားပြု၍ မတီးခတ်လိုက်ပါ။ ပင်လုံးကြိုင်ပင်ကြီး၏ အရွက်အခက်များမှ ဖောက်ခွင်းဖြာကျလာသော နေရောင်တစ်စွန်းတစ်စမှာ အလင်း အစက်အပြောက်များအဖြစ် မိမိ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ် ထင်ဟပ်နေခဲ့သည်။
တစ်ရပ်စာအမြင့်ရှိသော သစ်ကိုင်းမှ ပန်းခက်တစ်ခုကို လှမ်း၍ ခူးနေသော လူကြီးမင်းအီကို ကြည့်မိတော့ သူစ စိတ်များမှာ စမ်းရေအေးစိမ့်စိမ့်လေးကို သောက်လိုက်ရသည့်သဖွယ် ကြည်လင်လန်းဆန်း ချိုမြသွားပါသည်။ ရင်အေးစရာဆိုတာ ဒီလိုပါလား။
သိပ်မကြာခင် ဆော့မင်မှ ခူးယူထားသော ပန်းခက်လေးမှာ ဂျီဆူး၏ နားရွက်နောက်ဖျားလေးတွင် နေရာယူသွားခဲ့ပါသည်။
'' ဒီလိုမှ ပန်းက လှသွားတာ ''
'' ပေါက်ကရတွေ ... ''
ဂျီဆူးက မျက်စောင်းလေး ၀င့်၍ ပြောသည်။ ယနေ့ကျမှ ဆံပင်များကို စည်းနှောင်မထားသည်မလို့ လေတစ်ချက်တိုက်သွားတိုင်း သူ၏ ကေသာနက်နက်များမှာ ဟိုတစ်မျှင် ဒီတစ်မျှင် လွှင့်စင်သွားပါသည်။ ဆော့မင်က နှစ်သက်စွာ ပြုံးပြီး ဂျီဆူးဘေးသို့ ထိုင်ချသည်။။ ထို့နောက် ပါးပေါ်ကျနေသော ဆံပင်လေးများကို အသာအယာ ဖယ်ခွာပေးသည်။
'' အဟုတ်ပါလား ... ပန်းတွေထက်တောင် လှနေတာကို ''
နူးညံစွာ ပြောလိုက်သော အသံအေးအေးလေးက နားထဲသို့ စိမ့်၀င်လာသည်။ ဂျီဆူးမှာ ရှက်မိသွားပြီး တစ်ဖက်လူကို စိုက်ကြည့်နေရာမှ အကြည့်လွှဲလိုက်မိပါသည်။
