မိုးရနံ့များသည် ကြိုင်ခနဲ သင်းပျံ့လာသည်။ ပုလဲလုံးများသဖွယ် အေးမြမြမိုးစက်မိုးရေပေါက်ကြီးများဟာလည်း ခြံအတွင်းရှိ သစ်ပင်သစ်ခက်များပေါ်သို့ တတိတိကျဆင်းနေပါတော့၏။ ဆောင်းဦးအစပိုင်းဖြစ်သည်မလို့ မိုးရေစက်တို့သည် အလွန်တရာကိုမှအေးစက်နေပါ၏။ ပြင်ဆင်လာသော အ၀တ်အစားများထဲတွင် အနွေးထည်ပါးပါးများပင် ယောင်ယမ်း၍ သူမထည့်လာမိခဲ့ပါ။ ထို့ကြောင့် အေးသော်လည်း တီရှပ်တစ်ထည်ကိုသာ ဖြစ်သလိုကောက်၀တ်ထားလိုက်ပါသည်။
မနက်အစောပိုင်း၌ ကန်ထရိုက်တာများ၊အင်ဂျင်နီယာများဖြင့် အသစ်ဆောက်လုပ်မည့် ဟိုတယ်အဆောက်အအုံမူကြမ်းကို အွန်လိုင်းမှတဆင့် ဆော့မင်ဆွေးနွေးခဲ့ပါ၏။ ဗိသုကာပညာရှင်များသည် ဆော့မင်ပြောကြားထားချက်အတိုင်း အတော်လေးဆင်တူသော အဆောက်အအုံဒီဇိုင်းကို ပြသခဲ့၍ ဆော့မင်မှာ စိတ်ကျေနပ်သဘောကျခဲ့ရသေးသည်။ ထို့ကြောင့် မြေကွက်များကို ဒီနေ့တစ်ခါတည်း သွားရောက်ကြည့်ရူမည်ဟု သူခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါ၏။ သို့သော်လည်း ကံမကောင်းအကြောင်းမလှသည်လို့ပဲ သတ်မှတ်ရမလားမသိပါ။ မနက်ဆယ်နာရီကျော်လောက်ကတည်းက သည်းသည်းမဲမဲရွာနေသော ဤမိုးက နေ့လယ်သုံးနာရီကျော်သည့်တိုင်အောင်ကို မိုးတိတ်မည့် အရိပ်အယောင် ရေးရေးမျှပင် မပြသေး။
ထို့ကြောင့် ဆွန်းဝူကို ဖုန်းလှန်းဆက်ပြီး
'' ဒီနေ့ Schedule တွေအကုန်ဖျက်လိုက်ပါဟု '' ဆိုရသည်။
ကော်ဖီပူပူတစ်ခွက်ကို လက်ကနေကိုင်ထားရင်း မိုးစက်မိုးပေါက်များကို အမှတ်တမဲ့ငေးကြည့်နေရင်းမှ သူစိတ်တွေက အလုပ်ကိုသာ ဖိလုပ်လျက် သတိမရဖို့ အလွန်အမင်းကြိုးစားနေခဲ့မိသောအရာများထံ အာရုံဇောကပြန်ကပ်မိသွားပြန်၏။ မေ့ဖို့လုပ်လေ၊စိတ်ထဲ၀င်လာလေနှင့် သူ့ညတွေဟာ အိပ်ဆေးလုံးရေတွေသာ ပိုတိုးလာရုံသာမက တွေဝေခြင်းများစွာကလည်း သာ၍သာ၍ တိုးလာရပါတော့သည်။
ဂျော်လ်ရာဒိုဟာ သူ့အတွက်တော့ဆန်းသည်။ ပြီးတော့ သူမေ့နေခဲ့သော ပုံပြင်တစ်ပုဒ်နှင့် ခပ်ဆင်ဆင်တူသည်။ ငယ်ဘ၀က သိပ်ကိုသဘောကျ၍ ထိုပုံပြင်ကို ခဏခဏဖတ်ခဲ့ပေမဲ့လည်း အသက်ကြီးလာတော့ ပုံပြင်၏ ဇာတ်ရိုးဇာတ်လမ်းများကို ဝိုးတိုးဝါးတာသာ မှတ်မိနေတဲ့ လူတစ်ယောက်သာဖြစ်ရ၏။ ထိုစမ်းတမ်းတမ်း မှန်းဆချက်များကိုလည်း အသံကျယ်ကျယ်ဖွင့်ဟမပြောနိုင်တဲ့လူတစ်ယောက်နဲ့လည်း သူမှာတူရပြန်သေးသည်။ အနှစ်ချုပ်တော့ ခံစားချက်ဟာ ခါးသက်သက်ပါပင်။
