နန်းမြို့ရိုးရှိ အချက်ပေးသံချောင်းတီးခတ်သည့် အဖွဲ့ထံမှ စည်းချက်ကျကျဖြင့် ရိုက်ခတ်လိုက်သော သံချောင်းသံ တဒေါင်ဒေါင်သည် မြို့တော်အတွင်းသို့ ပျံနှံ့လာခဲ့ပါသည်။ ဆော့မင်သည် သူ၏ ရှေ့တွင်ချထားသော သေနင်္ဂဗျူဟာကျမ်း၏ ဒုတိယအတွဲစာအုပ်ကို ဖြေးညှင်းစွာပိတ်လိုက်သည်။ ထို့နောက် ဖခင်ဖြစ်သူ၏ မနေ့ညမှ ပြောကြားသော မှာကြားသော စကားအချို့ကို တွေးတော စဉ်းစားမိပါသည်။
'' လက်ရှိမှာ နန်းတွင်းရဲ့ အခြေအနေတွေက ငြိမ်သက်မနေဘူး ... မြောက်ဘက်နန်းဆောင်က ဟီဘင်းမယ်မယ်က သူ့သားတော် မင်းသား ၈ အတွက် လူသူအင်းအားစုဆောင်းနေသလို ... နယ်စပ်ဘက်ကို ရောက်နေတဲ့ ဦးရီးတော်ကလည်း အခု မြို့တော်ကို ပြန်ရောက်လာနေတယ် ... အနှေးနဲ့ အမြန် ... ထီးနန်း ပုန်ကန်မှုက ဖြစ်လာတော့မှာပဲ ... ''
'' ဒါကြောင့် ကျွန်တော့်ကို ဂျော်လ်ရာဒိုကို တစ်ယောက်တည်း လွှတ်လိုက်တာလား ... ''
အမြဲတမ်း အသံတိုးတိုးဖြင့်သာ ပြောဆိုခဲ့သော ဆော့မင်သည် ယခုအချိန်တွင်တော့ စိတ်မထိန်းနိုင်ဘဲ ကျယ်ကျယ်လောင်လောင်ဖြင့် မေးသည်။ အဖေက အံကို တင်းတင်းကြိတ်ထားသော ဆော့မင်၏ မျက်နှာကိုကြည့်ကာ သက်ပြင်း အရှည်ကြီးကို ဆွဲ၍ ချသည်။
'' အငယ်လေး ... ငါတို့က မင်းကို ဘေးကင်းစေချင်တာ ... ''
'' မိသားစုလိုအပ်နေတဲ့အချိန် ရှိမနေပေးရင် ကျွန်တော်က မိသားစု၀င် ဘယ်ဟုတ်တော့မလဲ... ''
'' အငယ်လေး ... မင်း ''
အစ်ကိုကြီးက ဘာစကားမှဆက်မပြောဘဲ နူတ်ခမ်းကို ကိုက်သည်။ တခြားသူများနဲ့ စကားဆိုရင်လျှင် ချက်ကျလက်ကျတုံ့ပြန်ပြောဆိုတတ်သူ စကားကြွယ်၀သော အမတ်ဖြစ်သော်လည်း ညီငယ်ဖြစ်သူနဲ့ ပတ်သတ်လာရင်တော့ အမြဲတမ်း အလျှော့ပေးမိစမြဲဖြစ်သည်။ ဒါက သူတစ်ယောက်တည်းမဟုတ်။ အီမိသားစုတစ်အိမ်လုံးထဲမှာ အရိုးစွဲနေတဲ့ အကျင့်။
'' ထပ်ပြီး မပြောချင်ဘူး မနက်ဖြန် ဂျော်လ်ရာဒိုကို သွားဖို့ ပြင်တော့ ''
'' အဖေ ... ''
'' အဖေ မင်းကို အမိန့်ပေးနေတာ မဟုတ်ဘူး ဆော့မင်တောင်းဆိုနေတာ ...ဒီတောထဲကို မင်းအစ်ကိုကြီးတွေကော ၊ အဖေကောက ရုန်းလို့ မရတော့ပေမယ့် မင်းကတော့ ခြေတောင်မလှမ်းရသေးဘူး ... ဒါကြောင့်... ''
