Part - 21

272 46 3
                                        

    ဂျီဆူးနှင့် စကားပြောအပြီး သူရင်သည် အနည်းငယ်ပေါ့ပါးသွားသည်ဟု ဆော့မင်ထင်ပါသည်။ ဂျီဆူးသည် စိတ်ရှည်လက်ရှည်ဖြင့် အချိန်အကြာကြီး သူပြောသမျှကို တိတ်တဆိတ်နားထောင်ပေးခဲ့သည်။ သူရင်ထဲမှာ ခံစားရသမျှ အရာအားလုံးကို ဖိတ်သွန်အန်ချအပြီးမှာတော့ ဂျီဆူးသည် သူ့ကို ခပ်ပြုံးပြုံးကြည့်၍ ဂဏန်းဆန်ပြုတ်ပန်းကန်ထဲမှ ဆော့မင်မကြိုက်သော ကြက်သွန်မြိတ်ဖတ်များကို သူ့ပန်းကန်ထဲသို့ လွှဲပြောင်းအပြီးဖြစ်ပါသည်။

   
    '' ခင်ဗျားက ကြက်သွန်မြိတ်မကြိုက်ဘူးလေ ''
   
    '' အင်း ... ကိုယ် တကယ်မကြိုက်ဘူး ''
   
    ဆော့မင်က ဆန်ပြုတ်ပန်းကန်ကို ကမ်းပေးလာသော ဂျီဆူး၏ လက်ချောင်းများကို မသိမသာထိ၍ ဂျီဆူးစကားကို တုံ့ပြန်သည်။ ထိုခပ်နွေးနွေးအထိအတွေ့ကြောင့် ဂျီဆူး၏ နူတ်ခမ်းများက သတိလက်လွတ်ဖွင့်ဟသွားသည်။ သို့သော်လည်း အချိန်အကြာကြီးတော့ ဆော့မင် ကိုင်ခွင့်မရလိုက်ပါ။ ဂျီဆူးက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်၍ လက်များကို အတင်းရုန်းသည်။
   
    '' ဆောရီး ... မကြိုက်လို့လား ''
   
    ဆော့မင်က သူလက်ချောင်းများဆီမှ လစ်ဟာသွားသော ခံစားချက်ကို သည်းမခံနိုင်သော အသံဖြင့် မေးလိုက်မိပါ၏။ ဒါပေမဲ့လည်း ဂျီဆူးက ဆန်ပြုတ်ပန်းကန်ကို တို့ကနှမ်း၊ ဆိတ်ကနှမ်း မွှေနှောက်နေရာမှ ခေါင်းကိုအသာခါရင်း ပြန်ပြောသည်။
   
    '' မဟုတ်ပါဘူး ... လူတွေရှိနေတယ်လေ ''
   
    ဆော့မင်မှာ ရင်ထဲ ကလိကလိခံစားလာရသဖြင့် နူတ်ခမ်းကို နာနာ ကိုက်လိုက်မိပါသည်။ ဘာလို့ ဒီလောက်သာမာန် စကားပြောနေပုံလေးက တအားချစ်စရာကောင်းနေသလဲ ဆော့မင် မသိတော့။ အရင်ဘဝတုန်းက သူတို့ရည်းစားဖြစ်တယ်လို့ သိသွားလို့လား ၊ ဒါမှမဟုတ် ဒီအတိုင်း ဂျီဆူးကို သဘောကျစရာကောင်းတယ်လို့ စဉ်းစားမိလားလာလို့ မသိ။
   
    '' လူတွေမရှိရင် ကိုင်လို့ရလား ? ''
   
    ဆော့မင်စကားကြောင့် ဂျီဆူးမှာ မှင်သက်သွားသည့်ပုံပါပင်။ ဒါပေမဲ့လည်း ဂျီဆူးက စိတ်ဆိုး ၊ စိတ်အဆင်မပြေသည့်ပုံစံမျိုးမပြ။ ထိုအစား ဆော့မင်ကို ရွှန်းရွှန်းစားစားကြည့်ပြီး ဆန်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲ အသာခပ်ထည့်သည်။
   
    '' သဘောပဲ ''
   
    ထိုအရာက မီးစိမ်းပြလိုက်လို့ပဲ ဆော့မင်ယူဆမိသည်။ ဘယ်လိုပဲ အတိတ်ဘ၀က ရည်းစားဖြစ်ခဲ့တယ်လို့ပဲပြောပြော ၊ ယခုဘဝတွင်တော့ သူတို့နှစ်ယောက်သည် တွေ့တာသိပ်မကြာသေး၊ မရင်းနှီးသေးသော သူနှစ်ယောက်သာဖြစ်ပါသည်။ ထို့ကြောင့် ဆော့မင်သည် ဂျီဆူးအကြောင်းကို အများကြီး ပိုသိချင်သည်။ ဂျီဆူးနှင့် ရင်းနှီးချင်မိသည်။
   
    '' စားကောင်းလား ? ''
   
    '' အင်း ... ဂျော်လ်ရာဒို မှာနေတုန်းကတော့ တစ်ပတ်ကို သုံးခေါက်၊ လေးခေါက်လောက် လာစားဖြစ်တယ် ... ဆိုးလ်မှာလည်း ဆန်ပြုတ်ဆိုင်တွေ ရှိပေမဲ့ ဒီအရသာကို မမှီဘူးလေ ''
   
    ဂျီဆူးက သူ့အမေးကို ခပ်ပြုံးပြုံးပြန်ဖြေပါသည်။ ထို့နောက် ယခုအထိ ဆန်ပြုတ်ကို တစ်ဇွန်းမှ ခပ်မသောက်သေးသော ဆော့မင်ကို အကဲခတ်သလို ကြည့်သည်။ ဆော့မင်သည် ထိုအခိုက်အတန့်ကလေးတွင် သတိထားမိသွားခဲ့သည်။ ဂျီဆူး၏ မျက်လုံးများဟာ အလွန်တရာလှသည်ဆိုတာပါပင်။
   
    ထိုကဲ့သို့ အရည်လဲ့နေသော မျက်လုံးကလေးများကြောင့် အတိတ်ကသူဟာ ဟုန်ဂျီဆူးကို စူးစူးနစ်နစ် ချစ်မိသွားတာဖြစ်လောက်သည်။ ယခုက သူသည်လည်း ထိုမျက်ဝန်းပင်လယ်၏ ဆွဲငင်မူအောက်တွင် အသက်မရူနိုင် ၊ အသက်ရူမဝသလို ခံစားရသည်။
   
    ကြယ်ပင်လယ်တစ်ခုကို သိမ်းခြုံဖမ်းပိုက်ထားသလို အရည်လဲ့လျက်ရှိသော မျက်ဝန်းများ ၊ နီစွေးစွေး နူတ်ခမ်းငုံ ၊ ကော့ညွှတ်ကွေးညွှတ် မျက်တောင်ရှည်ကလေးများရယ်နှင့် ဟုန်ဂျီဆူးဟာ သူ့အသက်ကို ၊ နှလုံးသားကို ခြွေရန် လူပြည်၌ အကြာကြီး စောင့်နေတဲ့ပုံပါပင်။
   
    '' ဆန်ပြုတ် ... မကြိုက်ဘူးလား ? ''
   
    '' မဟုတ်ပါဘူး ... ကိုယ်ဗိုက်ပြည့်နေလို့ ''
   
    ဆော့မင်သည် အလိမ်စကားကို မျက်တောင်မခတ်တမ်းဆိုလိုက်မိသည်။ သူလက်တွေက စားပွဲပေါ်တင်ထားပြီး ဆန်ပြုတ်ပန်းကန်က ဇွန်းကို မကိုင်ရသေး။ သူဗိုက်ကဟာနေသော်လည်း ရင်ဘတ်ကတော့ ပြည့်တင်းနေပြီဖြစ်သည်။
   
    '' မင်းကိုမြင်နေရလို့လေ ... ကိုယ်ဗိုက်ပြည့်နေပြီ ''
   
    ဂျီဆူးသည် ဆော့မင်ထံမှ ထိုစကားထွက်လာမည်ကို မမျှော်လင့်သည့်ပုံပါပင်။ သူသည် ဆန်ပြုတ်ကို မှန်မှန်သောက်နေရာမှ ရပ်တန့်သွားသည်။ ထို့နောက် နူတ်ခမ်းကလေးများက ယောင်ယောင်ကလေး တွန့်ကွေးသွား၏။ နှစ်နှစ်ကာကာ သဘောကျ၍ ပြုံးလိုက်သော အပြုံးပေလား ၊ ရှက်၍ ကို့ရိုးကားရား ပြုံးလိုက်သော အပြုံးပေလား ဆော့မင်မှာ ခေါင်းစဉ်နှစ်ခုကြား ဝေခွဲရခက်သွားသည်။
   
    '' လူကြီးမင်းအီ ''
   
    ဆော့မင်သည် ထိုအခေါ်အသုံးကို မကြိုက်သလို ခံစားရသည်။ သူသည် လူကြီးမင်းအီ ဖြစ်ခဲ့ဖူးသည်မှာ မှန်သော်လည်း ဂျီဆူးက ထိုကဲ့သို့ ခေါ်ချိန်မှာ တခြားတစ်ယောက်လို ခံစားရသည်။ ထိုလူကို သူမနာလိုဖြစ်မိသည်။ လူကြီးမင်းအီဆိုသော ထိုလူမှာ ဂျီဆူးကိုယ်လုံးလေးကို သူရင်ခွင်ထဲ ထွေးပွေ့ထားခဲ့ဖူးမည်။ နူတ်ခမ်းတွေကို တမြတ်တနိုး နမ်းရှိုက်ခဲ့ဖူးမည်။
   
    ဒါပေမဲ့သူကတော့ ဂျီဆူးနှင့် အရင်းနှီးဆုံးသူစိမ်းဖြစ်နေသေး၏။ မြင်နေသော်လည်း မပိုင်ရသလို ခံစားရသည်။ ဂျီဆူးနူတ်ဖျားမှ ထွက်ပေါ်လာသော နာမ်စားရည်ညွှန်းခြင်းဟာ သူနှင့် မသက်ဆိုင်သလို ၊ သူကို မရည်ရွယ်သလိုပါပင်။
   
    '' ကိုယ့်ကို အဲ့လိုမခေါ်ပါနဲ့ ... ကိုယ်က လူကြီးမင်းအီမှ မဟုတ်တော့တာ ''
   
    '' အဲ့ဆို ဘယ်လိုခေါ်ရမှာလဲ ... အချစ်လို့လား ? ''
   
    ဂျီဆူးသည် ဘာရယ်မဟုတ်ဘဲ စနောက်၍ ပြောလိုက်တာဖြစ်နိုင်သည်။ ဒါပေမဲ့လည်း ဆော့မင်ရင်ဘတ်ထဲက နှလုံးသားကတော့ ထိုခေါ်ဆိုသံကြောင့် ထိန်းမနိုင်၊ သိမ်းမနိုင် တုန်ယင်လာခဲ့ပါသည်။ ဆော့မင်သည် အသက်ရူသံပြင်းပြင်းဖြင့် ပင့်သက်ကို ရှိုက်ရင်း ဂျီဆူးကို စုန်ချီဆန်ချီ ပြန်ကြည့်သည်။ ပြီးမှ စကားတစ်ခွန်းကို ဗလုံးဗထွေး ဆိုလိုက်သည်။
   
    '' အဲ့လိုခေါ်လည်း အဆင်ပြေပါတယ် ''
   
    ဂျီဆူးသည် ထိုစကားကိုကြားသောအခါ နူတ်ခမ်းများကို ဖွဖွကိုက်လျက် ရယ်သံခပ်တိုးတိုးကို ထုတ်လွှတ်လိုက်၏။ ရယ်မြူးရိပ်သန်းနေသော သူ၏ မျက်လုံးလေးများနှင့် အကြည့်ချင်းဆုံခြင်းသည် ဆော့မင်ကို မောပန်း၍ ရင်ခုန်လာစေမိသည်။ ဒါပေမဲ့လည်း ဆော့မင်သည် အကြည့်မလွှဲမိပါ။ သူသည် ထိုဝေဒနာလေး ကွယ်ပျောက်သွားမည်ကို စိုးထိတ်မိပါ၏။
   
    '' ကျွန်တော်က မခေါ်ရဲဘူး ထင်လို့လား ? ''
   
   
    ဂျီဆူးသည် ထိုကဲ့သို့ ဆိုသည်။ ထိုမေးခွန်းသည် ဖြေရခက်သော မေးခွန်းမျိုးတော့ မဟုတ်ပါ။ ဒါပေမဲ့လည်း ဖြေဆိုဖို့ကို ဆော့မင် တွေဝေနေမိသည်။ ယခု သူ၏ ရူထောင့်မှမြင်နေရသော ဂျီဆူး၏ မျက်ခွံလေးများက ပါးလျလျ ဖြစ်သည်။ စက္ကန့်အတော်ကြာသည်အထိ သူရှေ့ကလူကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ပြီးမှ ဆော့မင်သည် ဂဏန်းဆန်ပြုတ် တစ်ဇွန်းကို အသာကော်၍ ခပ်သောက်လိုက်ပါ၏။
   
    ဆန်ပြုတ်အရသာ စိမ့်စိမ့်လေးဖြစ်ပြီး ဂဏန်းသားများ၏ အရသာကလည်း လတ်လတ်ဆတ်ဆတ်ဖြစ်သည်။ ဒါပေမဲ့လည်း ဆော့မင်အာရုံက ဆန်ပြုတ်မှာ ရှိမနေ။ သူကို ခပ်ငေးငေးကြည့်နေသော ဂျီဆူးဆီ၌သာ ရှိနေခဲ့ပါသည်။ အချစ်နှင့် ပတ်သတ်လာလျှင် ဆော့မင်သည် အရည်အချင်းမရှိသော လူဖျင်းကလေးသာ ဖြစ်သည်။ သူဟာ ဘယ်ကနေ ဘယ်လို စကားစပြောရမှန်းမသိသလို ဘယ်လို အချက်အလက်များကို သုံး၍ တစ်ဖက်လူ အထင်ကြီးအောင်လုပ်ရမည်လည်း သူမသိ။
   
    '' စားကောင်းတယ်မလား ? ''
   
    '' အင်း ''
   
    ဆော့မင်သည် မပွင့်တပွင့်ပြန်ဖြေလိုက်သည်။ သူသည် နောက်ထပ်တစ်ဇွန်းကို ထပ်မစားခင် စိတ်တွေက ယောက်ယက်ခတ်နေမိသည်။ ဘယ်လို ဘယ်ပုံစလုပ်ရင် သဘာဝကျနိုင်မည်လဲကိုလည်း တွေးဆနေမိသည်။
   
    '' အချစ် ... ဒါပြီးရင် ပင်လယ်ဘက်မှာ လမ်းလျှောက်သွားကျမလား ''
   
    ဂျီဆူးထံမှ ခပ်အေးအေး ထွက်လာသောအသံက ဆော့မင်ကို အနည်းငယ် မှင်တက်သွားစေမိ၏။ သူ့ခံတွင်းထဲတွင် ဂဏန်းအရသာဆန်ပြုတ်၏ ခပ်ချိုချိုအရသာက ပျံ့နှံ့နေသော်လည်း နှလုံးသားထဲတွင်ကတော့ ဂျီဆူး၏ ခေါ်ဆိုသံ ချိုချိုကသာ ပဲ့တင့်သံ အထပ်ထပ်ခတ်၍ ပျံ့နှံ့နေပါတော့၏။
   
    ***
   
    '' ရား ... ဒါက ပြောင်းဖူးစေ့တွေမှ မဟုတ်တာ ! ''
   
    လက်တစ်ဆုပ်စာ ကြက်စာများကို အားရပါးရ ကြဲပြီးကာမှ ဘေးနားက ကျက်သရေအလွန်တုံးသော ဂူမီဟိုသည် အာပြဲကြီးနှင့် အော်သည်။ ထိုမြေခွေးဟာ တိုက်ရေးခိုက်‌ ရေးမှာ ကျွမ်းသလောက် မျက်လုံးအမြင်ကတော့ ဇီရိုးဖြစ်လောက်သည်။ ဒီလောက် ဝါဝါဝင်းနေသော ပြောင်းဖူးစေ့တွေကို ဘာလို့မြင်နေမှန်းမသိ။

Red String Theory Where stories live. Discover now