'' အစ်ကိုကြီး ...  ''

လူအသွင်ကိုပြန်ရပြီဖြစ်သောမင်ဂယူက ကျောက်ဆောင်ပေါ်မှသူ့ကို ကျယ်လောင်စွာလှမ်းအော်သည်။ မင်ဂယူ၏ခြောက်ကပ်ကပ်နိုင်လှသောအသံက ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာခဲ့လင့်ကစား အက်ကွဲကြောင်းကိုအရင်ပိတ်ဖို့လောဆော်နေကြောင်း သူသိပါသည်။ ထို့ကြောင့်သူ၏ မွေးရာပါအစွမ်းဖြစ်သော နဂါးနက်များ၏ မိုးကြိုးစွမ်းအင်လုံးအချို့ကို လက်မှဖန်တီးလိုက်ပြီး အက်ကွဲကြောင်းရှိရာသို့ တဟုန်ထိုး ပစ်လွှတ်လိုက်ပါသည်။ 'တဖျစ်ဖျစ်' အသံမြည်နေသော အလင်းလုံးများ၏ပတ်လည်တွင် အနားကွပ်သည့်သဖွယ် ရွှေကြိုးမျှင်များက နွယ်ပန်းနွယ်ခက်များသဖွယ် ယှက်ကာသိမ်းနေကျ၏။ ပြင်းထန်သော ယင်းစွမ်းအင်လမ်း‌ကြောင်းသည်  အက်ကွဲကြောင်းရှိရာသို့သာ ဦးတည်သွားလင့်ကစား သွားရာလမ်းကို ဖြတ်၀င်လာသော ဂီရှာ‌များကိုလည်း ဓားထက်ထက်ဖြင့် ပိုင်းသည့်သဖွယ် အစိတ်အစိတ်အမွှာမွှာ ပြတ်ထွက်စေသည်အထိကို စွမ်းအားကြီးမားလှပါသည်။ ထို့ကြောင့် အက်ကွဲကြောင်း၏ အရွယ်အစားဟာလည်း အလင်းလုံးငါးလုံးပစ်လွှတ်အပြီး၌ တဖြေးဖြေးချင်းကျုံလာပြီး ထွက်လာသောဂီရှာအကောင်များမှာလည်း တစတစလျော့ကျလာပါတော့သည်။

'' ဒါက တစ်ပတ်အတွင်းမှာ စည်းပေါက်တာ ၃ကြိမ်ပဲ ''

နောက်ဆုံးကျန်နေသော ဂီရှာအကောင်တစ်ကောင်ကို သုတ်သင်ပြီးနောက်တွင် ၀န်ဝူးသည် သူ၏မူပိုင် မျက်နှာသေဖြင့် ခပ်ပြတ်ပြတ်ဆိုလိုက်သည်။ သူ၏လက်မှစ၍ ခန္ဓာကိုယ်အနှံ့အပြားတွင် ညှီစို့စို့သွေးများက မိုးရေများစိုသည့်သဖွယ် ရွှဲရွှဲစိုနေခဲ့သော်လည်း ထိုမြေခွေးဖြစ်သူက ယင်းအရာများကို သတိမထားမိဟန် ဖြစ်၏။ သူ၏ နဖူးစပ်နားတွင်လည်း ဂီရှာအကောင်တစ်ကောင်မှ ကုတ်ကာခြစ်လိုက်လေလားတော့မသိ ပြတ်ရှရာတစ်ခုကရှိနေပြီး သွေးများတစိမ့်စိမ့်ထွက်လျက်ရှိနေပါသည်။

'' ငရဲဘုံမှာ တစ်ခုခုဖြစ်နေတယ်ထင်တာပဲ ''

ကျောက်ဆောင်ပေါ်မှဆင်းလာပြီး သူတို့နားသို့ လာရပ်သော မင်ဂယူက စဉ်းစားသလိုပြောသည်။ ပုံမှန်ဆိုလျှင် ရွှင်လန်းတက်ကြွလျက်ရှိသော မျက်၀န်းညိုများက ယခုတွင်တော့ လသော်တာကိုတိမ်များဖုံးနေသောညကောင်းကင် သဖွယ် မှိုင်းမှောင်အုံဆိုင်းနေပါတော့သည်။ ၀တ်ဆင်ထားသောတီရှပ်အဖြူမှာလည်း ရင်ဘတ်မှစ၍ အကြောင်းလိုက် ဟတ်တပ်ကြီးကွဲနေကာ ထိုအဟကြားမှ အသွင်မပြောင်းရသေးသော အပြာရောင်အကြေးခွံအချို့ကလည်း တလက်လက်တောက်ပနေဆဲ ဖြစ်၏။

မင်ဂယူ ပြောဆိုလိုက်သော ယင်းစကားသည် ပေါ့ပေါ့တန်တန်ခန့်မှန်းခြေပေးလိုက်သည်ဟု ယူဆနိုင်သော်လည်း အကယ်၍များဆိုသောအခြေအနေကိုသိရှိနားလည်သူအဖို့ကတော့ ကျောရိုးမှခြေမအထိ စိမ့်ခနဲနေသည့် ကြက်သီးများကို တဖြန်းဖြန်းထသွားစေနိုင်သည့်အထိကို ပေးအပ်လာသည့် သက်ရောက်မှုဟာ ကြီးမားကြောက်စရာ‌‌ကောင်းလွန်းလှပါသည်။

ရေပြင်ထက်သို့ မိုးရေပေါက်များက မြှားတံများသဖွယ် တပေါက်ပေါက်ကျဆင်းလာပြီး ဂီရှာအသေကောင်များကလည်း ဆွန်းယောင်း၏လက်တစ်ချက်အဝေ့တွင် အခိုးအငွေ့များအဖြစ်ရေပြင်မှ ပျောက်ကွယ်သွားကျပြီဖြစ်၏။ သို့သော်ငြားလည်း သုံးဦးစလုံးမှာ ကိုယ်စီကိုယ်ငှအတွေးများကြောင့် ဘာစကားတစ်ခွန်းမှမဆိုမိကျပါ။

'' တကယ်လို့ မင်းပြောတဲ့အတိုင်းမှန်နေမယ်ဆိုရင် လူဘုံမှာ ကပ်ဘေးစိုက်ပြီပဲ ''

ဆွန်းယောင်းသည် ခန့်မှန်းရခက်သောမျက်နှာထားဖြင့် ကြောက်စရာကောင်းသော စကားကို အေးစက်စက်ဆိုလိုက်ပါတော့သည်။











***

Red String Theory Where stories live. Discover now