'' အကာအကွယ်အစီအရင်ပဲ ... အဖေက ခင်ဗျားဆီပေးထားတာထင်တယ် ''
၀န်ဝူးက ရွှေအိုရောင်ကြိုးမျှင်များကို စောင်းငဲ့ကြည့်ရင်း ခပ်တိုးတိုးဆိုသည်။ ဆွန်းယောင်းကတော့ အခုထိကြက်သေသေနေပြီး ပိုးမျှင်များကို ဗလာသက်သက်ငေးကြည့်နေမိတုန်းဖြစ်သည်။ သူ့အတွေးထဲမှာအမြဲတမ်း အဖေက သူထက် အငယ်လေးတွေကို ပိုချစ်တာလို့ပဲထင်ခဲ့တာဖြစ်သည်။ သူမှတ်မိတဲ့အမှတ်တရတွေတိုင်းမှာ အဖေဟာ ဒုတိယနဲ့ တတိယကိုသာအမြဲပွေ့ဖက်ထားတတ်တာဖြစ်သည်။ သူ့ကိုတော့ ဘယ်သောအခါမှ ပွေ့ဖက်တာနမ်းရှုံတာမျိုးမလုပ်ခဲ့ပါ။ ဒါကြောင့် သူစိတ်ထဲမှာ အဖေကအငယ်နှစ်ယောက်ကိုသာ ပိုချစ်တယ်လို့ ထင်ခဲ့တာဖြစ်ပါ၏။ ဒါပေမဲ့လည်း သူတစ်ကိုယ်လုံးကို ယှက်ကာသိမ်းလျက်ရှိသော ရွှေကြိုးမျှင်များကတော့ ချောင်ထဲ၌ မြုပ်နှံထားသည့် အမှန်တရားကိုသာလျှင် ခပ်တိုးတိုးဆိုနေကျပါသည်။
' မင်းအဖေက ... မင်းကို အချစ်ဆုံးပါပဲလို့ '
နေမင်း၏သားတော်ဟု တင်စားခေါ်ဝေါ်ခံရသူ ရွှေအိုရောင်နဂါးများသည် ကောင်းကင်ဘုံနဂါးမျိုးနွယ်များ၌ တော်၀င်နဂါးနက်များပြီးလျှင် မြင့်မားသော စွမ်းအင် အဆင့်အတန်း၌ ရှိကျသည်။ ထိုနဂါးတို့သည် သူတို့၏ ကံကြမ္မာဖတ်နိုင်စွမ်းနှင့် အသွင်များစွာပြောင်းလဲနိုင်ခြင်း တို့ကြောင့် ထင်ရှားကျပါသည်။ သို့သော်ငြားလည်း ထိုနဂါးများ၏ ရွှေပိုးအိမ်ကြိုးချည်မျှင်အကာအကွယ်အစီအရင်ဟာလည်း န၀ကိုးဘုံ၏ ထိပ်တန်းအကာအကွယ်အစီအရင်များထဲ၌ တစ်ခုအပါအ၀င်ဖြစ်နေပါသေး၏။ ထိုအစီအရင်သည် နဂါး၏အမြုတေနှင့်ပါ ချိတ်ဆက်ထားသဖြင့် အကယ်၍ အစီအရင်ဖြင့်ကာကွယ်ထားခံရသူမှာ သေသည်အထိဒဏ်ရာအနာတရဖြစ်ခဲ့သည်ရှိသော် အစီအရင်ပိုင်ရှင်မှာလည်း အမြုတေအထိပါ ဒဏ်ရာနာကျင်မှုပေးနိုင်သည့်အပြင် အခက်မသင့်ပါကအမြုတေကွဲကြေ၍ သေသည်အထိပါဖြစ်နိုင်ချေရှိ၏။ ထို့ကြောင့် ရွှေပိုးအိမ် အစီအရင်သည် အကျိုးလည်းရှိသလို တစ်ချိန်တည်းမှာလည်း အလွန်အင်မတန်အန္တရယ်များသော အကာအကွယ်အစီအရင်တစ်ခုလည်းဖြစ်ပါသေး၏။
RST - 19
Start from the beginning
