'' အကာစည်းပေါက်ကို အရင်ပိတ်ရမှာ ... ''
ဆွန်းယောင်းက အသည်းထိ ခိုက်အောင် ကျယ်လောင်သောအသံဖြင့် လှမ်းအော်သည်။ သူ့မျက်လုံးတွေက ကျောက်ဆောင်ပေါ်က အခုအထိ မထနိုင်သေးသော အပြာရောင်နဂါးဆီ ရောက်နေသေးသည်။ စိတ်ထဲမှာ ဖြစ်နိုင်ချေပေါင်းများစွာကို တွက်ချက်နေသော်လည်း ထိုအတွေးမှလွှဲ၍ သင့်တော်သောအဖြေဟာ ထွက်မလာခဲ့။ ဒါပေမဲ့လည်း လက်သည်းခွံ သို့မဟုတ် ပဲစေ့သဖွယ် အကာစည်းပေါက်မှုအဟကို ဖာထေးရန်အတွက်ပင် များပြားသောစွမ်းအင်များကိုသုံးရသည်။ အခုကဲ့သို့သော လူတစ်ကိုယ်စာ အပေါက်ကြီးကတော့ သူတို့သုံးယောက်စလုံး အစွမ်းသုံးလည်း ပိတ်ပစ်နိုင်ဖို့က သိပ်မသေချာ။ ဖြစ်နိုင်ချေကတော့ ခမည်းတော် သူတို့ဆီရောက်လာဖို့ကိုသာလျှင် ဆုတောင်းဖို့တတ်နိုင်ပါတော့သည်။
ဂီရှာအသေကောင်များ များပြားလာသည်နှင့်အမျှ ပတ်၀န်းကျင်တွင်လည်း နောက်ကျိဖွယ် ပုပ်အဲ့အဲ့အနံ့များကလည်းတစ်လျှောက်လုံး ပျံ့နှံ့လာခဲ့တော့သည်။ သူတို့၏ တိုက်ခိုက်မှုများဟာလည်း နှေးကွေးလာရသလို လက်ပန်းလည်းကျလာရတော့သည်။ အစွမ်းမလုံလောက်လာလေလေ သူတို့၏ မူရင်းလူခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့က အဆင်မပြေလာလေလေပါပင်။ ဆွန်းယောင်း၏အကြေးခွံများမှာလည်း ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး၌ပေါ်လာခဲ့ပြီး ၀န်ဝူးမှာလည်း ခြေထောက်နှင့်လက်များတွင် သားမွှေးအဖြူများက ပေါ်လာခဲ့ပါတော့၏။ အကယ်၍ တစ်ယောက်ယောက်သာရောက်မလာခဲ့ရင် သူတို့သုံးယောက်စလုံး ဂီရှာများ၏ သားကောင်ဖြစ်ရတော့မည် ဖြစ်ပါ၏။
နောက်ဆုံးဓားတစ်ချက်ကို၀င့်အပြီးတွင် ဆွန်းယောင်းမှာလုံးလုံးလျားလျားကို သူ၏မွေးပုံစံဖြစ်သည့် နဂါးအသွင်ကိုပြောင်းသွားခဲ့ပြီဖြစ်ပါ၏။ အပြာရောင်နဂါးဖြစ်သူ၏ 'ဂီး 'ခနဲအော်ဟစ်သံနှင့်အတူ ဂီရှာတစ်အုပ်က မဲနယ်ရောင်နဂါးပေါ်ကို သွေးဆာနေသောမျော့များသဖွယ် ခုန်ကာတက်လာကျပါတော့၏။ သို့သော်ငြားလည်း ဆွန်းယောင်းကို တိုက်ခိုက်ရန်မပြင်ဆင်ရသေးခင်မှာပင် ရုတ်ချည်း ပေါ်ထွက်လာခဲ့သော ရွှေရောင်ပိုးချည်မျှင် တလက်လက်များကြောင့် ကပ်လာသည့် မကောင်းဆိုးဝါးများမှာ ခပ်ဝေးဝေးသို့ လွှင့်ထွက်သွားကျပါတော့၏။ ထိုချည်မျှင်ကြိုးများက နဂါး၏ အကြေးခွံများအပေါ် ခြုံလွှာတစ်ခုသဖွယ် ယှက်သိမ်းလျက် ကုစားမှုကော ၊ ကာကွယ်မှုပါ တစ်ခါတည်း လုပ်လျက်ရှိပါသည်။ ထို့ကြောင့် ဆွန်းယောင်းမှာ သူ့အစွမ်းများ ပြန်လည်ပြည့်၀လာပြီး လူ့အသွင်ကို ပြန်ရဖို့ရန်အတွက် အချိန်သိပ်မကြာလိုက်ပါ။
RST - 19
Start from the beginning
