တွေးရတာတွေ၊ စဉ်းစားရတာတွေ၊ ခံစားရတာတွေများလာတော့ သူရင်ထဲမှာ အစိုင်အခဲထုကြီးတစ်ခုက တစ်ဆို့ဆို့ဖြစ်လာရသည်။ သူ့မှာ ထွေးလည်းမထုတ်နိုင်သလို မြိုလည်းမချနိုင်။ ဆရာ၀န်တွေရဲ့ ဆေးစာအနှစ်ချုပ်တွေတော့ သူဟာ စိတ်ရောဂါသည်တစ်ယောက်သာ ဖြစ်ရသည်။ သူကိုယ်တိုင်လည်း သူ၌ ရောဂါရှိနေသူလို့ လက်ခံမိခဲ့ပါသည်။ ဒါကြောင့်ဆေးကိုပုံမှန်သောက်ပြီး အိပ်မက်တွေထဲကရုန်းထွက်ဖို့ သူကြိုးစားမိပါသည်။

ဒါပေမဲ့လည်း တစတစသဲကွဲလာတဲ့ အိပ်မက်တွေကြားက လူ၏ ပုံရိပ်ကိုမြင်တော့ မှိန်ဖျော့ဖျော့မျှော်လင့်ချက်လေးကို ရေနစ်သူသည် ကောက်ရိုးတမျှင်ကို အားကိုးတကြီးဆွဲသလို သူဟာလည်း အံကိုကြိတ်၍ ဆွဲထားမိပါတော့သည်။

အနည်းဆုံးတော့ ... အနည်းဆုံးတော့ အိပ်မက်ထဲမှာ ဆော့မင်ဟာ အဲ့ဒီလူကို သိပ်ချစ်တဲ့ပုံပေါက်နေတယ် မဟုတ်ပါလား။

***
' ဝုန်း 'ခနဲ လိူင်းရိုက်သံနှင့်အတူ သာမာန်လူ၏မျက်စိဖြင့် မတွေ့မြင်နိုင်သည့် အပြာရောင်အဆင်းရှိသောနဂါးကြီး၏ ထုထည်ကြီးမားသောခန္ဓာကိုယ်သည် ကျောက်ဆောင်ကျောက်ငူများထံ အရှိန်ပြင်းပြင်း ရိုက်ခတ်သွားပါသည်။ သလင်းကျောက်များသဖွယ် တလက်လက်တောက်ပသော အကြေးခွံတစ်ခုစနှစ်ခုစ နဂါး၏ကိုယ်ထည်မှ ကြွေကျသွားသည့်အပြင် နဂါးကြီး၏ ဒေါသတကြီးအော်ဟစ်လိုက်သံမှာလည်း မိုးခြိမ်းသံများနှင့်အတူတူ ဟိန်းခနဲပေါ်ထွက်လာခဲ့ပါတော့သည်။

'' မင်ဂယူ ''

သူ၏ လက်သည်းချွန်များကို အသုံးပြုလျက် အက်ကွဲကြောင်းအဟမှ ထွက်ပေါ်လာသော 'ဂီရှာ ' ဟုခေါ်သည့် အဆင့်နိမ့်မကောင်းဆိုးဝါးများကို သုတ်သင်ရှင်းလင်းနေသော ၀န်ဝူးက နဂါးကြီး၏အဖြစ်ကိုမြင်တော့ စိုးရိမ်တကြီး လှမ်းအော်သည်။ ထိုကဲ့သို့အော်ဟစ်သော်လည်း တိုက်ခိုက်မှုကတော့ အရှိန်လျော့ကျမသွား။ ချွန်မြသောလက်သည်းများက သေမင်း၏တံစဉ်းကောက်တစ်ခုသဖွယ် အလုပ်လုပ်ဆောင်နေပြီး ပြုံခနဲထွက်လာသည့် ဂီရှာများကို မျက်တောင်တခတ်အတွင်း သတ်ဖြတ်နေပါ၏။

Red String Theory Onde histórias criam vida. Descubra agora