" ဟုတ်ကဲ့ .. ဒါပေမဲ့ စာတွေ မဖတ်ဖြစ်တာ ကြာပါပြီ။ စာအုပ်စင်တောင် သန့်ရှင်းရေး မလုပ်ဖြစ်တော့ ဖုန်တွေတက်နေပြီ ဒေါက်တာ .. "

" အန်တီ အားတဲ့ရက်မှ အတူတူ ရှင်းကြတာပေါ့။ ဒါနဲ့ ဒီရက်ပိုင်း သမီး ဘာတွေ လုပ်ဖြစ်နေသလဲဟင် "

ဒေါ်လရိပ်လွင်သည် သူ့ကိုဆို ဆူး လို့ခေါ်လိုက် သမီးလို့ ခေါ်လိုက်နဲ့။ ဒါပေမဲ့ ၂ မျိုးလုံးကို ဆူးနစ် သဘောကျမိပါသည်။ ကြင်နာမှုတွေ ဖုံးလွှမ်းနေတဲ့ လေသံလေးနဲ့ ခေါ်နေမှတော့ ဘယ်လိုလူက သဘောမကျပဲ ဘယ်နေနိုင်ပါ့မလဲလေ။

" အိပ်ယာထဲပဲ ခွေနေမိတယ် ဒေါက်တာ။ ခါတိုင်းတော့ ဆူးက ဟိုဘက်ရပ်ကွက်က တိရစ္ဆာန်ဆေးခန်းလေးတစ်ခုမှာ နေ့တိုင်း အချိန်ပိုင်း ထိုင်ဖြစ်ပါတယ်။ ဒီရက်ပိုင်း နေလို့သိပ်မကောင်းတာနဲ့ အနားယူထားတာပါ .. "

ဆူးနစ် ပြောနေစဉ်တွင် ဒေါ်လရိပ်လွင်ရဲ့ မျက်ဝန်းတွေက စာကြည့်စားပွဲပေါ် ထောင်ထားတဲ့ ဘွဲ့ဓာတ်ပုံပေါ်သို့ ရွှေ့လျားသွားခဲ့သည်။

" ဆူးက BVS (တိရစ္ဆာန်ဆေးပညာဘွဲ့) နဲ့ ကျောင်းပြီးထားတာပဲ ... တကယ်ကောင်းမွန်တဲ့ အလုပ်လေးပါပဲကွယ် .. "

" ဆူးက တိလေးတွေကို ချစ်တတ်လို့ အဲ့ဒီလိုင်းကို ရွေးချယ်ခဲ့မိတာပါ။ အိမ်မှာလည်း မွေးချင်ပေမဲ့ သူတို့လေးတွေအတွက် သေချာ အချိန်ပေးပြီး ဂရုမစိုက်ပေးနိုင်မှာကြောက်လို့ မမွေးဖြစ်တာ .. "

သူပြန်ပြောမိတော့ ဒေါ်လရိပ်လွင်က စာအုပ်စင်ရှေ့မှ ခွါလာပြီး ခုတင်ဘေးနားလေးမှာ တင်ပလွှဲလေး အသာဝင်ထိုင်သည်။ ပြီးတော့ သူ့မျက်နှာကို သေသေချာချာ လှမ်းကြည့်နေရင်းနဲ့ ပြုံးနေ၏။

" မကြောက်ပါနဲ့ ဆူးရဲ့။ မွေးဖြစ်သွားတဲ့ အခါကျရင်လည်း သူတို့လေးတွေအတွက် အလိုလို အချိန်ပေးနိုင်သွားပါလိမ့်မယ်။ ခွေးလေးဖြစ်ဖြစ် ကြောင်လေးဖြစ်ဖြစ် တစ်ကောင်လောက်မွေးကြည့်ပေါ့ .. သူတို့လေးတွေ ရှိနေရင် ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အထီးကျန်ဆန်မှုတွေ တဖြည်းဖြည်းလျော့ပါးသွားလိမ့်မယ် သမီးရဲ့ "

" ဒါပေမဲ့လည်း .. "

ဆူးနစ် စကားကို ရှေ့ဆက် မပြောဖြစ်တော့။ မျက်ဝန်းထဲမှာ ဟိုနေ့ညက မြင်ကွင်းကြီးက ပြန်ပေါ်လာသည်မို့ ကျောထဲစိမ့်ခနဲဖြစ်သွားရသည်။ သူ့လို လူသတ်မိခဲ့တဲ့ လူသတ်သမားတစ်ယောက်က ဘယ်လိုလုပ်ပြီး တိလေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာတဲ့လဲ။ ဒါပေမဲ့ ဒီစကားကို သူဘယ်လိုမှ ပြောမထွက်ခဲ့ပါ။

" ဆူး ... အခု ဘာတွေကိုများ ကြောက်ရွံ့ထိတ်လန့်နေသလဲကွယ် .. အန်တီ့ကို ပွင့်ပွင့်လင်းလင်း ပြောပြကြည့်ပါလား "

အလို .. ။

သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ အတွင်းစိတ်ကို ဖတ်နိုင်နေတဲ့ ဒေါ်လရိပ်လွင်ရဲ့မျက်နှာကို သူတအံ့တဩဖြင့်သာ ငေးစိုက်ကြည့်နေမိသည်။

" ဒီအတိုင်း .. အတိတ်က ပုံရိပ်ဆိုးတွေက ရုတ်တရက်ပြန်ပြန်ပေါ်လာတတ်လို့ပါ။ အဲ့လိုအချိန်တွေဆို ကြောက်စိတ်က အလိုလိုဖြစ်ဖြစ်လာတတ်တယ် ဒေါက်တာ .. "

" သမီးမှာ trauma တွေ သိပ်များနေတာကြောင့်ပါ။ Trauma ဆိုတာကလေ .. လွယ်လွယ်နဲ့တော့ မေ့ဖျောက်ပစ်လို့ မရဘူးပေါ့ကွယ်။ အချိန်တစ်ခုပေးပြီး ကုစားယူရတယ်။ အဲ့လိုကုစားနိုင်ဖို့အတွက်က ဘေးနားမှာ နွေးထွေးတဲ့ Environment လေးတစ်ခု ရှိနေဖို့လည်း လိုအပ်သေးတာ ဆူးရဲ့။ အဲ့ဒါကြောင့်မို့လို့ အခုအချိန်ကစပြီး အန်တီ့ကို ဆူးရဲ့ အဒေါ်တစ်ယောက်လို၊ အစ်မတစ်ယောက်လို သဘောထားပြီး တရင်းတနှီးဆက်ဆံလို့ရပါတယ် .. အန်တီကလည်း တစ်ဦးတည်းသော သမီးလေ။ ဝမ်းကွဲမောင်နှမတွေလည်း မရှိ၊ အဘိုးတစ်ယောက်တည်းပဲရှိတာ။ အဲ့ဒီတော့ အတော်ဖြစ်သွားတာပေါ့ကွယ် .. ဆူးကိုပဲ အန်တီ့တူမလေးအနေနဲ့ မွေးစားလိုက်တော့မယ်လေ "

ရယ်သံလေးတစ်ချက်နှင့်အတူ ပြောနေတဲ့ ဒေါ်လရိပ်လွင်အား ဆူးနစ် ဝိုင်းစက်စက်မျက်ဝန်းတစ်စုံနဲ့သာ စိုက်ကြည့်နေမိပါတော့သည်။ ဒီအမျိုးသမီးဟာ ရယ်လိုက်လျှင် ပြုံးတာထက်ကိုပင် ပိုလှလွန်း၏။ ဆူးရဲ့ ရင်ခုန်သံတွေဟာ တဒိန်းဒိန်းနှင့်၊ ထိန်းချုပ်လို့ မရတော့လေပြီ။

❤️‍🔥❤️‍🔥❤️‍🔥

Author Note : ဒီဇာတ်လမ်းလေးကို စဆုံးဝယ်ဖတ်ချင်ရင် လင်းရဲ့ telegram နဲ့ Viber မှာ လာဝယ်ဖတ်လို့ရပါတယ်ရှင် 💛
Telegram - 09950792601
Viber - 09427776909

ဆူး Where stories live. Discover now