" ဒီလိုဆို .. ဆူး ဆန်ပြုတ်သောက်နေတုန်း အန်တီ အိမ်ခဏပြန်လိုက်ဦးမယ်နော် "
" ဟုတ်ကဲ့ .. ဟို .. "
မတ်တပ်ထရပ်လိုက်တဲ့ ဒေါ်လရိပ်လွင်ကို သူမော့ကြည့်ရင်း စကားကို ရှေ့ဆက်ဖို့ မဝံ့မရဲဖြစ်နေစဉ်၌
" ဘာပြောမလို့လဲ ဆူး .. ပြောလေ "
" ဟို .. ဒီမှာ အန်တီအိပ်လို့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူမိလို့ပါ။ ဆူး အခန်းကလည်း သေချာ မရှင်းလင်းထားရသေးတော့ .. "
သူပြောတော့ ဒေါ်လရိပ်လွင်က ပြုံးပြုံးလေး ပြန်ငုံ့ကြည့်နေကာ
" ရပါတယ်။ သမီးရဲ့ အခန်းထဲက ခုတင်က ၂ ယောက်အိပ်ခုတင်ပဲဟာ။ ခွင့်မတောင်းဖြစ်ပဲ ဆူးရဲ့ အခန်းထဲကို အန်တီ ဝင်ခဲ့မိလို့ တောင်းပန်တယ်ကွယ်။ သမီးကိုရေပတ်တိုက်ပြီး အဝတ်အစားလဲပေးဖို့အတွက် အဝတ်ဝင်ယူမိတာပါ .. "
အိမ်မှာ အခန်းက ၂ ခန်းသာ ရှိသည်။ တစ်ခန်းက သူ့အခန်း၊ နောက်တစ်ခန်းကတော့ သူ့အမေရဲ့အခန်းပေါ့။ အမေ့အခန်းထဲမှာ အမှုအခင်းဖြစ်ပွါးပြီးကတည်းက ထိုအခန်းကို သော့ခတ်ထားခဲ့မိတာ ယနေ့ထက်ထိပင်။ ဒါ့ကြောင့် ဒေါ်လရိပ်လွင်အနေနဲ့ အခန်းမှားဝင်မိစရာ အကြောင်းတော့မရှိ။ သို့ပေမဲ့လည်း သူ့အဝတ်အစားတွေကို အကုန်လဲလှယ်၍ ရေပတ်တိုက်ပေးထားတယ်ဆိုတဲ့အသိကြောင့် ဆူးနစ် အတော်လေးရှက်သွားမိသည်။ အခုမှ သတိထားကြည့်မိတော့ သူ့ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတာက ညအိပ်ဝတ်စုံ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည် ချည်ထည်လေးတစ်စုံ။ အဝတ်ဘီရိုရဲ့ ဒုတိယအထပ်မှာ ထည့်ထားမိခဲ့တဲ့ ဝတ်စုံလေးပေါ့လေ .. ။
" ခဏနေရင် အန်တီပြန်လာမယ်နော် သမီး .. "
အပြုံးလှလှလေး ပြုံးပြပြီးမှ ထွက်ခွါသွားသည့် ဒေါ်လရိပ်လွင် ဆိုသော သူမ။ သူမ ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက်က ခွက်ဝင်သွားပြီး အတော်လေး ကြည့်လို့လှပါသည်။ ထိုအမျိုးသမီးနဲ့ ဒီည အိပ်ခန်းထဲက ခုတင်ပေါ်မှာ အတူတူဘေးချင်းယှဉ် အိပ်ရမည်ဆိုတဲ့အကြောင်း တွေးမိပြန်တော့ ရင်တွေက တလှပ်လှပ်တုန်လာ၏။ အခုမှ ဆယ်ကျော်သက်တစ်ယောက်လို ပြန်ဖြစ်ပြီး ရင်တွေခုန်နေမိတဲ့ သူ့အဖြစ်သူတွေးကာ ဆူးနစ် ပြုံးလိုက်မိသည်။ ထိုကဲ့သို့ သူ မပြုံးနိုင်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ မဟုတ်လား။
YOU ARE READING
ဆူး
Mystery / Thrillerဆူး စူးပြီး နှလုံးသားဟာ အဆိပ်သင့်နေပေမဲ့လို့ ထွက်ပြေးဖို့ရန် မကြိုးစားမိသူတစ်ဦး .. တိရစ္ဆာန်ဆရာဝန်မလေး တစ်ဖြစ်လဲ၊ စိတ္တဇလူသတ်သမား ကောင်မလေး ဆူးနစ်နှင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်မကြီး ဒေါက်တာ လရိပ်လွင်တို့ တွေ့ဆုံကြရာတွင် .. Lin Latt Paing
Part 5 (Ubicode)
Start from the beginning
