အခန်းထဲ၌ ထွန်းထားသောဖယောင်းတိုင်မီးသည် လေအရှိန်ကြောင့် ယိမ်းနွဲ့သွားသည်။ ဆော့မင် ငယ်စဉ်တုန်းက မြင်ခဲ့ရသော အဖေ့ မျက်၀န်းများလောက်ကို ယခုမျက်၀န်းများက တောက်ပမှုမရှိတော့။ သို့သော်လည်း ဆော့မင်ကို အန္တရယ်ကင်းစေချင်လိုသော စိတ်ဆန္ဒများကိုတော့ အတိုင်းသား မြင်နေရပါသေးသည်။
အနောက်ဘက်မြင်းဇောင်းထံမှ မြင်းဟီသံကျယ်ကျယ်များကို ကြားလိုက်ရသည်။ ခြံ၀န်းထဲသို့ မနက်စောစီးစွာ တံမြက်စည်းလာလှဲနေသော အဘိုးကြီးမင်၏ တံမျက်စည်းခြစ်သံ တရွှန်းရွှန်းကို ကြားနေရပြန်သည်။ ဆော့မင်မှာ ပုံမှန်ကြားနေကျ အသံများကို ယခုတော့ ဂရုတစိုက် နားစိုက်၍ ထောင်မိသည်။ ဒီအသံများက သူဟာ နောက်တစ်ဖန် ပြန်၍ ကြားနိုင်မလားဆိုတာကို မည်သူမှ တထစ်ချ မပြောနိုင်တော့ပါ။
****
အီဆော့မင်သည် အမတ်ချုပ်အီ၏ တရား၀င်သား ၄ ယောက်အနက်မှ အထွေးဆုံးသားဖြစ်သည်။ အမတ်ကတော်ကြီး အသက်အတော်လေးကြီးမှ ရသော ကလေးဖြစ်သည်မလို့ တစ်မိသားစုလုံး၏ သည်းသည်းလူပ်လူပ် ချစ်ခြင်းကို ခံထားရသူလည်း ဖြစ်သည်။
အမတ်ချုပ်အီသည် ယခုဘုရင်ဖြစ်သော ထယ်၀မ်ဘုရင်နှင့် ငယ်စဉ်က စာသင်ဖော်စာသင်ဖက်ဖြစ်ခဲ့ပြီး မယ်တော်ကြီးအီသည်လည်း အမတ်ချုပ်အီ၏ အစ်မအရင်း ဖြစ်သည်။ ထို့ကြောင့် ဂျိုဆွန်းမှာ ဩဇာအာဏာအလွန်ကြီးမားသော မျိုးရိုးကလန်တစ်ခုအဖြစ် လူသိများသည်။ သို့သော်လည်း သူတို့၏ အငယ်ဆုံးသားကို မြို့တော်နှင့် အလွန်ဝေးသော နေရာတစ်ခုသို့ စေလွှတ်သည်မှာ လူတိုင်းကို အံဩတသင့် ဖြစ်စေပါသည်။
ယခုတော့ အိမ်၏ အငယ်ဆုံးဖြစ်သူ အဝေးသို့ ထွက်သွားမည်ဖြစ်၍ မိသားစု၀င်အားလုံး အလုပ်ရှုပ်နေကျသည်။ ပုံမှန်ဆိုရင် နန်းတော်၏ ကင်းလှည့်တပ်ဖွဲ့မှာသာ အနေများသော တတိယသားဖြစ်သူ ဂျယ်ဟွန်းပင်လျှင် ယနေ့တော့ အိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။
အမတ်ကတော်ကြီးက မျက်ရည်လေး တစမ်းစမ်းဖြင့် ဆော့မင်မျက်နှာကို တဖွဖွ ကိုင်တွယ်ပွတ်သပ်သည်။ အမတ်ချုပ်ကြီးကတော့ လက်ကို နောက်ပစ်၍ အထုပ်အပိုးတွေကြား မတ်တပ်ရပ်နေသည်။ အကြီးဆုံး ချွေးမမှာ ကိုယ်လေးလက်၀န် ရှိနေပေမယ့်လည်း ထည့်ပေးလိုက်ရမည့် ပစ္စည်းတွေ စုံမစုံကို ကိုယ်တိုင် ကြည့်ရူစစ်ဆေးနေပါသည်။
RST - 1
Bắt đầu từ đầu
