Part - 10 (Unicode)

Start from the beginning
                                        

ကြယ်စင်က တောင်းပန်စကားဆိုတော့ မြတ် ခေါင်းကိုအသာခါယမ်းပြရင်း

" မဟုတ်တာကွယ် .. ။ ကဲ .. ထပြီး မျက်နှာသစ်တော့။ မမ မနက်စာ ပြင်ပေးထားမယ် .. ပြီးရင် အိမ်ဘက်ကူးလာခဲ့ .. "

ကြယ်စင် ကြားရအောင် မြတ်သေချာ တစ်ခွန်းချင်းစီ လက်ဟန်အမူအရာဖြင့် ပြောပြတော့ ကြယ်စင်က ပြုံး၍ ခေါင်းညိတ်သည်။ ဒါပေမဲ့ ကြယ်စင့်အပြုံးတွေက သက်ဝင်တောက်ပခြင်း မရှိနေဘူးဆိုတာကိုတော့ မြတ် သတိထားမိပါသည်။

" ဟုတ်ကဲ့မမ .. ခဏနေရင် လာခဲ့မယ်နော်။ လန်းသွားအောင်လို့ ကိုကို ရေလေးတော့ ချိုးလိုက်ဦးမယ် .. "

" အင်းပါ ဖြည်းဖြည်းပဲလုပ် .. ။ မမလည်း အခုမှ ချက်ရမှာ .. မနက်က ခတ်နဲ့ ကုန်းရွာစျေးဘက် လိုက်သွားဖြစ်သေးတယ် .. "

" ကုန်းရွာစျေး .. အဲ .. ဟုတ်သား။ မနေ့က မမညိုပြောထားတာကို ကိုကို မေ့သွားတာ မမရယ် .. "

" နောက်တစ်ခေါက်ပေါ့ .. နောက်တစ်ခါမှ လိုက်ခဲ့ .. "

" ဟုတ်ကဲ့ .. "

ကြယ်စင့်ခေါင်းကို မြတ် လက်ဖဝါးလေးနဲ့ အသာအယာ ပွတ်သပ်ပေးရင်းပြောတော့ ကြယ်စင် ဇတ်လေးပုသွားခဲ့သည်။ အကြီးတစ်ယောက်ထံမှာ ထိုကဲ့သို့ နွေးထွေးကြင်နာတဲ့ မေတ္တာတရားကို မခံစားခဲ့ရတာ အတော်ကြာပြီပဲ မဟုတ်လား။ အမေဖြစ်သူထံမှလည်း ယခုလို ယုယုယယ နွေးနွေးထွေးထွေး ဆက်ဆက်ခံရတာမျိုးလည်း မရခဲ့။ အငယ်ဖြစ်တဲ့ ချစ်စုဦးဆီမှ ရရှိခဲ့ပေမဲ့လို့ ဒါဟာလည်း အခိုက်တံ့တစ်ခုအထိသာ။

ယခုတစ်ခါကော မြတ်ထံမှ နွေးထွေးကြင်နာမှုကို ဘယ်လောက်ကြာကြာ ရနိုင်မှာလဲ .. အခိုက်တံ့တစ်ခုလေးပဲလားလို့ တွေးရင်း ကြယ်စင် ရင်ထဲ မောဟိုက်သွားရပြန်သည်။

🍂🍂🍂

သူရေချိုးအဝတ်အစားလဲပြီး မမသိင်္ဂီရဲ့အိမ်ဘက်သို့ကူးလာတော့ မမက ထမင်းဝိုင်းတောင် ပြင်ဆင်ပြီးနေချေပြီ။ သူရောက်တော့ လက်ဆေးပြီး ထမင်းဝိုင်းမှာ အသင့်ထိုင်ရုံပင်။

" ဆိတ်သားနှပ်က မမအခုမှ ထချက်လိုက်တာ .. "

မမက ဆိတ်သားဟင်း ပန်းကန်လေး ရှေ့ကို ထိုးပေးပြီး ပြောတော့ သူအားနာသွားရသည်။ သူခြေလေးချောင်းသားရှောင်ထားတာ ဟိုးငယ်ငယ် ပိစိထဲကဆိုတာကို မမကို ကြိုမပြောမိခဲ့။ အခုတော့ မျက်နှာပူစရာတွေဖြစ်ကုန်ပြီ။ မမခမျာ အချိန်ကုန် လူအပင်ပန်းခံပြီး သူ့အတွက် ချက်ပေးထားရရှာတာလေ။

Finding You (Complete)Where stories live. Discover now