ညက တော်တော်နဲ့ အိပ်လို့မရ။ လိုင်းမသုံးတာ အတော်ကြာနေပြီကို ညကမှ လျှာရှည်ပြီး ချစ်စုဦးရဲ့ Facebook account ကို ဝင်ကြည့်မိခဲ့သည်။ ဤတွင် ပုပ္ပါးတောင်မကြီးဘေးက ရွာလေးတစ်ရွာအား အပမ်းဖြေခရီး ထွက်လာသည့် ပုံများတင်ထားတာကို မြင်တွေ့ခဲ့ရပါသည်။ ပုံများမှာ တစ်ယောက်ထဲ ကော်ဖီထိုင်သောက်နေပုံနှင့် ရှုခင်းအသားပေးရိုက်ထားသည့် နောက်ကျောပုံများသာ။ စိတ်ထဲသိပ်ပြီး မသင်္ကာတာကြောင့် ခြူးဝေခင်ရဲ့ account ကိုပါ ရိုက်ရှာကြည့်မိခဲ့သည်။ ခြူးဝေခင်မှာလည်း ထိုရွာလေးမှာ Healing time လုပ်နေပါတယ်ဆိုတဲ့ စာနှင့်အတူ တင်ထားတဲ့ ပုံတွေ အမြောက်အများကို မြင်တွေ့ခဲ့ရသည်။
စိတ်ထဲမှာ အတော်ကြီး အောင့်သက်သက်နှင့် နင့်ခနဲ ဖြစ်ကျန်ခဲ့ရသည်။ သာမန်မိတ်ဆွေတွေပဲ ဖြစ်မှာပါလို့ စိတ်ထဲကရေရွတ်မိပါသော်လည်း မဟုတ်က ဟုတ်က ပေါက်ကရအတွေးတွေက ဝင်လာသည်။ နောက်ဆုံး ကုန်ကုန်တွေးမည် .. သူလျှောက်တွေးနေမိတဲ့အတိုင်း သူတို့နှစ်ယောက် တွဲနေတာ မှန်တယ်ဆိုရင်တောင်မှ .. ဘာလုပ်လို့ရဦးမှာတဲ့လဲ။ သူနဲ့ ချစ်စုဦးနဲ့က ဘာဆို ဘာမှ မသက်ဆိုင်တော့ဘူးလေ .. ။ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိတော့တဲ့ သီးသန့်ဘဝတွေ ဖြစ်ကုန်ကြပြီ။ ထိုအမှန်တရားကို သိနေပေမဲ့လို့ နှလုံးသားက လက်မခံနိုင်သေးတာ အတော်ဆိုးဝါးလှပါသည်။ ရင်ထဲမှာ စူးစူးဝါးဝါးနာကျင်ပြီး ညက ထမင်းတောင် ကောင်းကောင်းစားမဝင်ခဲ့။ ဦးလေးမေးတော့ သိပ်နေမကောင်းလို့ ဆေးသောက်ပြီး အိပ်တော့မယ်ဟုသာပြောကာ ထပ်ခိုးသို့ တက်လာခဲ့ရသည်။ သို့ပေမဲ့ ည ၁ နာရီလောက်အထိ အိပ်မရတော့ သောက်နေကျ အိပ်ဆေးလေးကို ၁ လုံးထသောက်မိသည်။ ဒါလည်း ၂ နာရီခွဲလောက်အထိ အိပ်မရသေး။ အတွေးတွေနဲ့ အကြိမ်ကြိမ်မျက်ရည်ကျနေမိတဲ့ အခိုက်တံ့ကို ရပ်တံ့ပစ်လိုက်ပြီး အနားကောင်းကောင်းယူချင်တာကြောင့် ဆေးကို နောက်တစ်လုံး ထသောက်ခဲ့ရသည်။ ထိုမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ရတော့သည်။
မနက်အစောပိုင်းမှာ ဦးလေးက ထပ်ခိုးလေးပေါ် ခဏတက်ကြည့်ပြီး အခြေအနေလာမေးတော့ ညကကောင်းကောင်း နေမကောင်းလို့ ဆေးသောက်ထားရတယ်ဆိုတဲ့အကြောင်းရယ်၊ ထပ်ပြီး အိပ်ချင်နေသေးကြောင်းရယ် ပြန်ဖြေမိသည်။ ဦးလေးလည်း နေမကောင်းတာ မသက်သာလျှင် သူ့ဆီဖုန်းဆက်ဖို့ မှာပြီး Site ထဲသို့ ထွက်သွား၏။ ဒီလိုနဲ့ ပြန်အိပ်နေခဲ့မိတာ တစ်စုံတစ်ယောက် အတင်းလာလှုပ်နှိုးတာကို မခံရခင်အချိန်အထိပင်။
YOU ARE READING
Finding You (Complete)
Romanceဖြူဖျော့ပြီး ခပ်ယဲ့ယဲ့လေးရယ်သာရှိသည့် မြတ်သိင်္ဂီဇော် ဆိုသော ထိုအမျိုးသမီးရဲ့ ရင်ခွင်ထဲ၌ ဒဏ်ရာတွေ ဗလပွနှင့် .. Lin Latt Paing မှ ဖန်တီးရေးသားထားသည်။
