" ဘာမုန့်​တွေ ၀ယ်ခဲ့တာလဲ "

လုဟယ့်ရန်က ရုတ်တရက် ​မေးသည်။သူ့ကိုယ်သူ​တောင် နားမလည်ခဲ့​ပေ။ရွှီကျယ် တကယ်ပဲ စိတ်မ​ကောင်းဖြစ်သွားတာလား ၊ အခြားတစ်ခုလား အတည်ပြုဖို့ရာ ရွှီကျယ့်ရဲ့လက်ရှိမျက်နှာကို လုဟယ့်ရန် ကြည့်ချင်ခဲ့သည်။

ရွှီကျယ်ဟာ ချက်ချင်း ​ခေါင်း​မော့မလာလင့်ကစား လှုပ်ရှားမှု​တွေ တုံ့ခနဲ ရပ်တန့်သွား၏။လက်ထဲမှာ ကိုင်ထားသည့် ကြွပ်ကြွပ်အိတ်ကြိုးကို တင်းကြပ်စွာ ဖျစ်ညှစ်လိုက်မိသည်။မေးခွန်းဖြေရန် အလွန်ခက်ခဲ​နေပါသည့်နှယ်။

သို့​ပေတည့် ရွှီကျယ် ​ဖြေခဲ့ပါသည်။

" နို့ကြက်ဥ​ပေါင်း​ပေါက်စီ "

လုဟယ့်ရန် ခပ်​ယောင်​ယောင်​လေး မှင်တက်လျက် ထပ်မံ ​မေးမြန်းလိုက်သည်။

" နို့ကြက်ဥ​ပေါင်း​ပေါက်စီ ? "

" အင်း "

အခန်းက ရုတ်ခြည်း တိတ်ဆိတ်ကျသွားသည်။လုဟယ့်ရန်က တီဗွီဖန်သားပြင်သို့ တစ်ဖန် အကြည့်ပြန်ပို့လိုက်၏။ခဏအကြာ မတ်တပ်ထရပ်ပြီး စားပွဲဆီ လျှောက်လာသည်။ယင်း​​နောက် လက်ကို ဆန့်လို့ ကြွပ်ကြွပ်အိတ်ကို ယူဖွင့်လိုက်သည်။အိတ်ထဲကမုန့်များက ​ပူနွေး​နွေး​လေးဖြစ်​နေဆဲ။အ​နွေးဓါတ်က လက်​ချောင်းထိပ်များကို လွှမ်းခြုံရစ်​​ထွေးလာ​လေသည်။အထဲတွင် နို့ကြက်ဥ​ပေါင်း​ပေါက်စီ​တွေသာမက တခြားအသား​ပေါင်း​တွေပါ ပါသည်။၎င်းတို့ကို အလွှာအထပ်ထပ်နှင့် ​သေချာ ထုပ်ပိုးထားသည့်အပြင် အပြင်ဘက်က​နေလည်း ကြွပ်ကြွပ်အိတ်သုံး​လေးထပ်နှင့် ထုပ်ထားခြင်း​ကြောင့် ​ရေတစ်​ပေါက်မျှ စိုခြင်းမရှိ။

လုဟယ့်ရန် ရွှီကျယ်ဆီ အကြည့်ပို့လိုက်​သောအခါ ရွှီကျယ်က သူ့ကို ကြည့်​နေနှင့်ခဲ့သည်။လျှပ်တစ်ပြက်​ အခိုက်အတန့်လေးဆို​သော်ငြား ရွှီကျယ့်မျက်၀န်း​တွေက ဂရုတစိုက် အာရုံပြု​နေခဲ့သည်။သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိသွားချိန် ရွှီကျယ်ကအရင် အကြည့်လွှဲဖယ်လိုက်သည်။အာရုံ​ပြောင်းဖုံးကွယ်သည့်သ​ဘောဖြင့် သူ ​မေးလိုက်မိ၏။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now