ခရာကိုယ်တိုင်ကလည်း Architectတစ်ယောက်ဖြစ်လာမည့်မရာ့ကို အရှုံးမပေးလိုတာကြောင့် စာကြိုးစားဖို့တစ်ခုကလွဲရင် ကျန်တာဘာမှမရှိခဲ့။
အတန်းထဲက ကောင်လေးတစ်ယောက်နှင့်တော့ အကြည့်ချင်းဆုံ၊ ရင်ခုန်ခဲ့ဖူးပေမယ့် သူငယ်ချင်းတွေဆုံချိန် စကားပြောဖြစ်သည့်အခါမှာတော့...

"ကိုယ့်ကောင်မလေးကို အဝေးမလွှတ်နိုင်ပါဘူး ကိုယ်နဲ့နီးနီးလေးပဲနေစေချင်တာ အမြင့်ကိုမှန်းတာတော့ မှန်းတာပေါ့"

ဆိုသည့် ခရာ့အတောင်ပံတွေကို ရိုက်ချိုးလိုသည့်စကားမျိုး ပြောလာသည်။
မြင့်သထက်မြင့်အောင်ပျံသန်းလိုသော ငှက်တစ်ကောင်အတွက် ကြိုးတစ်ချောင်းဆိုတာ မလိုအပ်ဘူးမလား...

"ကျောင်းသားဘဝမှာ ရည်းစားရှာရင် ကျောင်းသားနဲ့ပဲတွေ့မယ် အလုပ်ထဲမှာရည်းစားရှာရင် အလုပ်ထဲကလူနဲ့ပဲတွေ့မယ် ကိုယ့်ဘဝအမြင့်ရောက်မှ ရည်းစားရှာရင် အမြင့်မှာရှိတဲ့သူနဲ့ပဲတွေ့မယ်
ကျောင်းသားတိုင်း၊ အလုပ်လုပ်တဲ့လူတိုင်း အမြင့်ကိုမရောက်ဘူး ဒါပေမယ့် အမြင့်မှာရှိတဲ့သူတိုင်းကတော့ ကျောင်းသားဟောင်း ဒါမှမဟုတ် အလုပ်လုပ်ခဲ့တဲ့သူတွေချည်းပဲ
ရည်းစားမထားရဘူးလို့ ဖေကြီးမပြောလိုဘူး အက္ခရာ ကိုယ့်ဘေးကလူဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာပဲ အဓိကနဲ့သာမညကို ခွဲခြားတတ်ဖို့ပြောပြတာ သဘောပေါက်ရဲ့လား"

"ကိုယ့်ထက်နိမ့်တဲ့သူကို ယောင်လို့တောင်ငုံ့မကြည့်နဲ့ သင်္ချာမှာတောင် အခြေတူမှထပ်ကိန်းတွေပေါင်းလို့၊ နှုတ်လို့ရတာ ကိုယ်နဲ့Levelမတူတဲ့လူကို ပေါင်းဖက်ဖို့ကြိုးစားရင် ဇာတ်သိမ်းလှမှာမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့ သိပ်တော်သိပ်ထက်တဲ့မိန်းကလေးမျိုးကို တော်ရုံယောကျာ်းတွေ လက်မခံနိုင်လို့ပဲ"

ခရာနားရည်ဝနေပြီဖြစ်သော ဖေကြီးရဲ့စကားတွေကြောင့်၊ ခရာ့ရဲ့Harvardအိမ်မက်ကြောင့် ရည်းစားဆိုတာ အဝေးမပျံသန်းနိုင်အောင် ချည်သည့်ကြိုးတစ်ချောင်းဟု တွေးခဲ့မိသည်။
ဒါကြောင့်လည်း ခရာ့ဘဝမှာ ချစ်ခင်တွယ်တာရသည့် ယောကျာ်းသားဆိုလို့ ဖေကြီးနှင့်ပါပါးသာရှိပါ၏။

PlayersWhere stories live. Discover now