"အဲ့လိုဆို ရှင်တို့စိတ်ဝမ်းမကွဲဘူးလား"

ဟု သွေး မေးလိုက်မိတော့ တန်ခိုးကခေါင်းခါပြပြီး စည်းရဲ့ပခုံးကိုလှမ်းဖက်ကာ...

"တစ်ယောက်ကိုမင်းရွေးရင် ကျန်တဲ့တစ်ယောက်က သူငယ်ချင်းအဖြစ်နေဖို့ သဘောတူထားတယ် ငါတို့ကစိတ်ဝမ်းကွဲစရာမရှိပါဘူး"

ဤဆက်ဆံရေးကို သွေး နည်းနည်းတော့စိတ်ဝင်စားသွားမိသည်။
နှစ်ယောက်လုံးဟာ ပုံစံတမျိုးစီကြည့်ကောင်းပြီး တန်ခိုးရဲ့ပုံစံက ရင့်ကျက်တည်ငြိမ်ကာ စည်းရဲ့ပုံစံကတော့ ခုခေတ်Kpopအဆိုတော်တွေလို နုနုဖတ်ဖတ်လေး။

တွေးနေတုန်းဒိုင်းခနဲအသံနှင့်အတူ ကားသည် အနည်းယိမ်းယိုင်သွား၍ ဘရိတ်ကိုဖိနင်းပစ်လိုက်ကာ အပြင်ထွက်ကြည့်တော့ ဘီးတစ်ဖက်ဟာ ပြားချပ်နေ၏။
ဖေဖေ့ဆီဖုန်းဆက်ဖို့ ဖုန်းထုတ်မိပေမယ့် ဒါဟာစမ်းသပ်ဖို့အကောင်းဆုံးဟု အတွေးတစ်ခုဝင်လာ၍ စည်းဆီကိုအရင်ဖုန်းဆက်လိုက်သည်။

"သွေး လမ်းမှာကားပျက်နေလို့"

"ကိုယ် ဒက်ဒီကိုသွားကြိုပေးရမှာ သွေးရယ် လာလို့အဆင်မပြေသေးဘူး"

"အဲ့ဒါဆိုနေပါစေတော့"

စည်းရဲ့အငြင်းစကားကြောင့် အမြဲလိုလိုဦးစားပေးခံရသော သွေးသည် မကျေမနပ်ဖြစ်သွားမိရင်း ဖုန်းချပစ်လိုက်ကာ တန်ခိုးဆီထပ်ခေါ်လိုက်သည်။
တန်ခိုးကတော့ အတော်ကြာမှဖုန်းကိုင်ကာ သွေး ကားဘီးပေါက်နေကြောင်းကြားသည်နှင့် ချက်ချင်းပြာယာခတ်သွား၏။

"ဘယ်နေရာရောက်နေတာလဲ ကိုယ်အခုလာခဲ့မယ်"

ထိုအခါမှ သွေးစိတ်ထဲကျေနပ်သွားပြီး လက်ရှိရောက်နေသောနေရာကို ပြောပြလိုက်သည်။
တကယ်လည်း တန်ခိုးက သွေးရှိရာနေရာသို့ အပြေးရောက်လာသလို သူကိုယ်တိုင်ကားဘီးလဲပေးပြီး ကားတစ်စီးလုံးကိုပြန်စစ်ပေးသည်။
သူဟာ ကားအကြောင်းတော်တော်နားလည်ပုံရှိပြီး လုပ်တာကိုင်တာလည်းမြန်တာမို့ ထိုအရည်အချင်းကိုတော့ သွေး အတော်လေးသဘောကျသွားမိသည်။

"ကျေးဇူးပါပဲ တန်ခိုးရယ် သွေးတစ်ယောက်တည်းသာဆို ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

PlayersWhere stories live. Discover now