"ငါမနေ့က ကော်ဖီဖျော်ပေးလိုက်တာ ရုပ်လွှာကိုလေ၊ မင်းမမကိုမှမဟုတ်တာ"
"ကိုလျှံ နားကြားမှားသွားတာထင်တယ်"
လျှံ့ရဲ့စကားကို တုံ့ပြန်ကာ၀င်ပြောလိုက်သူမှာ ရုပ်လွှာ၊ မျက်မှောင်လေးကြုတ်ကာ မွေးခါစကြောင်ပေါက်လေးလို အပြစ်ကင်းတဲ့လေသံကိုသုံးကာ သူမဆက်ပြောသည်။
"ဟိုလေ မမမေသူအတွက် နို့လုံး၀မထည့်ပဲ ဖျော်ပေးပါလို့ ရုပ်လွှာမှာလိုက်တယ်လေ၊ ရုပ်လွှာက တခြားလုပ်စရာလေးရှိလို့ ကိုလျှံ့ကိုအကူညီတောင်းမိတာကို၊ ဆောရီးပါကိုကို ရုပ်လွှာအမှားပါ၊ ကိုကိုခိုင်းတာကို ရုပ်လွှာကိုယ်တိုင်လုပ်လိုက်ရမှာကို၊ အခုတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ပါပြီ အဟင့်"
ယမန်နေ့က မိမိကို ကော်ဖီဖျော်ခိုင်းတုန်းက ရုပ်နဲ့ တခြားစီဖြစ်သွားသော ရုပ်လွှာရဲ့ ပြောင်းလဲမှုကြီးမှာ လျှံ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"မင်းပဲ ငါ့ကို ရေခဲသေတ္တာထဲက နို့တွေများများလေးထည့်ဖျော်ပေးဖို့ပြောခဲ့တာလေ"
"တော်တော့လျှံ!!!"
မဏ္ဏိရဲ့ အော်ငေါက်လိုက်တဲ့အသံမှာ လျှံခန္ဓာကိုယ်လေး မြောက်တက်သွားလုမတက် ထိတ်လန့်သွားရသည်။ အပျော်သဘော အချင်းချင်း ငြင်းခုံခဲ့ကြတာမှအပ လျှံကို မဏ္ဏိ အနည်းငယ်လောက် မာထန်သော လေသံဖြင့်တောင် မပြောခဲ့ဖူးတာကြောင့် ဒီလောက်အထိ အော်လိုက်သောအသံမှာ လျှံတစ်ကိုယ်လုံး သွေးမရှိတော့သည့်သဖွယ် ယုတ်လျှော့သွားရတော့သည်။
"မင်းရုပ်လွှာကိုဘာမှ လွှဲချမနေနဲ့၊ ငါသူ့ကိုသေချာမေးပြီးမှမင်းဆီရောက်လာတာ၊ မမက သူ့သူငယ်ချင်းရဲ့ အစ်မ၊ ဒီလိုလုပ်ရပ်မျိုး သူလုပ်မှာမဟုတ်ဘူး၊ မင်းကသာ....... (တောက်!) မင်းကသာ မမကို မုန်းနေတာမလား"
မနေ့ညက မအိပ်ခင် ဖြစ်ခဲ့သော ကတောက်ကဆလေးတစ်ခုက ယခုလောက်အထိ လျှံ့အပေါ် မဏ္ဏိရဲ့ ယုံကြည်မှုတွေ လွယ်လင့်တကူပျက်ပြားသွားရသည်တဲ့လား။ ဆယ်စုနှစ် ၂ ခုကျော် အတူရှိလာခဲ့တဲ့ လျှံအကြောင်း ခေါင်းအစခြေအဆုံးမက လျှံ့အတွေးတွေကိုပါ သိတတ်တဲ့ မဏ္ဏိ၊ အခုတော့ ထိုလူဟာ တစ်လပင် မကြာသေးတဲ့ ရည်းစားအတွက် လျှံ့ရင်ကို လှံနဲ့စိုက်ဖို့ ကြိုးစားနေလေပြီ။ မြေနိမ့်ရာလှံစိုက်ကြစမြဲမို့ မဏ္ဏိအတွက် နှိမ့်ချထားတဲ့ လျှံ့ရင်ဘတ်ကြီးတစ်ခုလုံးက စိတ်ကြိုက်လှံစိုက်ထူဖို့ သိပ်ကို လွယ်နေပြီ ထင်ပါရဲ့။
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
Fanfictionငါ့ဘ၀က ၀တ္ထုတစ်ပုဒ်ဆိုရင် စာမျက်နှာတိုင်းမှာ မင်းရှိနေလိမ့်မယ်မဏ္ဏိ လျှံ
Chapter 11
Start from the beginning