အပိုင်း ၅

566 93 17
                                    

မေမြို့ခြံမှ ဟဲဟိုးလေဆိပ်ထိ အေမီက ကားဖြင့်လိုက်ပို့သည်။ ထိုမှတဖန် ရန်ကုန်အိမ်ရောက်သည်အထိ ဓာတ်ရထားထပ်စီးရမည်ဖြစ်သည်။

အေမီသည် ပွဲရုံကိစ္စများနှင့် အလုပ်များနေ၍ မလိုက်တော့ဟုဆိုလာသည်။ သို့သော် သုမသည်အပြန်ကျ ရန်ကုန်အထိ လာကြိုပေးမည်ဟု​ကတိပေးလာသည်။

အေမီမလိုက်သဖြင့် ဟေမာနှင့်သူ့အဖကပါ အိမ်စောင့်ရင်း ကျန်နေခဲ့ရသည်။ နောက်ဆုံး၌ သူမတို့သားမိ၃ယောက်သာ ရန်ကုန်သို့ ဆင်းရမည်ဖြစ်သည်။

သို့သော် လေယာဉ်ပေါ်အရောက် တယော်ထူးမေမှာ မော်လမြိုင်ဘက်သို့ ပိုစတင်ကျသည့်စာ ရောက်လာသည်ဟုဆိုသည်။

ထို့ကြောင့် သူမသည် ရန်ကုန်သို့ တစ်ပါးတည်း လိုက်မဝင်တော့။ မော်လမြိုင်သို့ အရင်သွားကြည့်ဦးမည်ဖြစ်ကာ ပြီးမှ ပြန်တက်လာမည်ဟုဆိုသည်။

ထိုအခါမှ ဒေါ်မေကြည်ခင်မျာ ဒီတစ်လျှောက်လုံး ငြိမ်နေခဲ့သည့် သမီးဖြစ်သူ၏ အကြံအား သိရတော့သည်။

ဒေါ်မေကြည်မှာ တယော်ထူးမေအား စိတ်ဆိုးလွန်းသဖြင့် စကားပင် မပြောချင်တော့။ တယော်ထူးမေမှာ သူ့အမေလက်မောင်းအားကိုင်ရင်း တိုးတိုး တိုးတိုးနှင့် ချော့နေရရှာသည်။

"မေမေကလည်း..."

"ငါ့ကိုအမေလို့မခေါ်နဲ့။ ညည်းတို့က အရွယ်ရောက်နေပြီပဲ။ ကိုယ်ကြိုက်တာ လုပ်လို့ရပြီ"

"ယော် ဘယ်မှာလုပ်လို့လဲ။ သူ့ဟာသူ ပိုစတင်ကျလာတာလေ။ ယော်တောင်ခုမှ သိရတဲ့ဟာ"

"ညည်း အဲ့ကိုသွားမယ်ဆိုပြီး ဖောင်မတင်ခဲ့ရင် ဘယ်လိုလုပ် သူ့ဟာသူကျမလဲ။ ဖအေက မောင်ဖြစ်သူအဖော်ရအောင် ရန်ကုန်ကို တင်ခိုင်းတာကို"

"ရန်ကုန်မှာက ဆေးရုံ၊ဆေးခန်းရော၊ ဆေးဝန်ထမ်းပါ ပေါတယ်လေ မေမေရဲ့။ သမီးတို့လို ဆေးဝန်ထမ်းဆိုတာ သမီးတို့ကို လိုအပ်တဲ့လူတွေဆီ ရှာဖွေပြီး သွားရမှာပဲ။ ပြည့်တဲ့အိုးကိုပဲ ထပ်ဖြည့်နေတော့ လျံကျရုံပဲရှိမှာပေါ့။ မဟုတ်ဘူးလား"

အတန်ကြာအောင် ချော့မော့ပြီးမှ ဒေါ်မေကြည်မှာ တင်းထားသည့် မျက်နှာကြီးအား လျော့သည်။

ချစ်သောမောင်မောင် (သစ်တော၀န်ထောက်မင်း)Where stories live. Discover now