𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➀

282 52 96
                                    

"ဘာမှလည်း မမြင်ရဘူး"

ခပ်မြင့်မြင့်ကာရံထားသော အုတ်တံတိုင်းကြီး၏ အလယ်မကျတကျနေရာများတွင် ၃ပေစီခြားလျက် ကနုတ်ကမာပုံစံ အကွက်ဖော်၍ အလှဖောက်ထားသော အပေါက်ကြီးများရှိသည်။ထိုအပေါက်ကြီးများမှနေလျက် ခြံထဲတွင် အလှစိုက်ထားဟန်ရသော ပုဏ္ဏရိပ်၊စက္ကူ၊စံပယ် အစရှိသဖြင့် အမျိုးအစား အရောင်အသွေး ကွဲပြားလျက် ပန်းပေါင်းစုံတို့၏ ပင်စည်အကိုင်းအလက်များ အပြင်သို့ အခက်ဖြာထွက်ကာ ပွင့်ဖတ်တို့၏အသွေးဖြင့် လမ်းသွားလမ်းလာတို့အား လည်ပြန်လိမ်၍ ကြည့်မိအောင် သွေးဆောင်နေကြ၏။လမ်းသွားလမ်းလာများထဲတွင် လူကြီးများဆိုသည်ထက် ကိုယ်တို့လို ကလေးအရွယ်များက ဒီလိုအသွင်ဆန်းသော ခြံအပြင်အဆင်နှင့် ပန်းရောင်စုံတို့ကို ပိုသာစိတ်၀င်စားတတ်ကြသည့်အတွက် ကလေးများဟုဆိုရလျှင် ပိုတိကျ ပိုမှန်ကန်မည်ထင်၏။

"ဟဲ့ အငယ်လေး မြင်ရလား။ဘာတွေတွေ့လဲ"

အုတ်နံရံတံတိုင်း၏ အောက်ခြေအုတ်ခုံပေါ် ခြေဖျားထောက်ရပ်လျက်ရှိသော်ငြား ၁၀နှစ်သားသာသာ,သာလျှင် ရှိသေးသော မိမိအဖို့ လူကြီးတစ်ရပ်စာမျှမြင့်သော အပေါက်ကြီးရှိရာသို့ လွယ်လင့်တကူ ချောင်းမြောင်းကြည့်ဖို့ အဆင်မပြေ။

"မမြင်ရဘူး။တအားမြင့်တယ်"

"နင်ကလည်းလေ ယောကျ်ားလေးဖြစ်ပြီး အားကိုမကိုးရဘူး"

"ဟ နင့်ယောက္ခမအိမ်ကိုက လူလိုဆောက်ထားတာမှ မဟုတ်တာ မမရ။"

"အကောင်စုတ် ယောက္ခမဆိုတဲ့စကားကြောင့် ခွင့်လွှတ်ပေးလိုက်မယ်။တက် တက်။သေချာပြန်ကြိုးစားကြည့်စမ်းပါဟယ်။မြင်ရမှာပါ"

မိမိက အရပ်ရှည်သည့်အထဲပါသော်ငြား ဒီအိမ်၏ အပြင်အတွင်း ဖွဲ့စည်းပုံကိုက ခံ့ထည်ကြီးမားလွန်းနေသည်ကိုး။ဒီတော့ အစ်မဖြစ်သူ၏ အလိုဆန္ဒအတိုင်း လိုက်လျောမဖြည့်ဆည်းပေးနိုင်ခြင်းအတွက် ကိုယ်အားမငယ်ပါ။

"ဟဲ့ မြင်ရလား"

"မရဘူး"

"သောက်သုံးကို မကျပါဘူးဟယ်။ဖယ် နင် ငါ့ကိုချီ"

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now