{၁၄}U/Z

5.4K 682 237
                                    

Unicode

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး (၁၄)

က်ကယ်မိုး မိုးထားသည့် ကွပ်ပျစ်ကျယ်ကြီး၏ ဘေးတွင် မောင်းထောင်းနေသည့်အသံက စည်းချက်ညီစွာ ထွက်‌ပေါ်လို့နေသည်။ ထို မောင်းထောင်းသံနှင့် အပြိုင် သီဆိုနေသည့် တေးတစ်ပုဒ်ကလည်း ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားနေစေလေသည်။

“မောင်းတုံးကို မောင်ချလို့၊ မယ်ကတော့ ဆန်ကိုပြာ
မောင်ကတစ်ထမ်းဆို၊ မယ်ကတစ်ရွက်ပေါ့ကွယ်
ညီညီညာညာ၊ တီတီတာတာ
စကားလေးများ ဆိုလို့ရယ်
အိမ်ထောင်မှုကို ထမ်းစို့ကွယ်...

မောင်သောက်တဲ့ ဆေးရွက်တွေ
မယ် နေလှမ်းလို့ထားတယ်
မောင်မောရင် သောက်ဖို့ကွယ်...

မောင်စားမြိန်ဖို့ ငါးပိရည်
မယ်ကျိုလို့ထားတယ်
မောင်းထောင်းရင်း...”

“မယ်သင်းရယ် တော်ပါတော့အေ၊ ညည်းအသံကြောင့် ကျုပ် နားပင်းရပါတော့မယ်၊ ညည်းရဲ့ မောင်းတုံးကို ကိုင်ထားရတာက ကျုပ်တော့၊ မောင်းထောင်းနေရတာလည်း ကျုပ်ပါအေ၊ ဒီနားမှာ မောင်ကြီးမဆိုထားနဲ့ အထီးနဲ့တူတာဆိုလို့ ကြက်ဖတောင် မရှိဘူး၊ ဆိုမနေစမ်းနဲ့”

မောင်းတုံးကို အပေါ်အောက် မြှောက်လျက် ထောင်းနေရသည့် မယ်ခူးမှ မောင်းခွက်၏ နံဘေးတွင် ထိုင်ကာ ပြောင်းတို့ကို သင့်သလို ထည့်ပေးနေရင်း အသံဖြင့် နှိပ်စက်နေပါသော မယ်သင်းကို လှမ်းကာ ဟန့်သည်။ နှီးဗန်းကို ကိုင်ထားသည့် မယ်သင်းကလည်း စပ်စပ်ထိမခံ။
“ကျုပ်အသံက မယ်မင်းရဲ့ တုံး‌အောက်မှာ ဖားပိနေသလောက်တော့မဆိုးဘူး ထင်ပ”

“စကားရှည်ပုံ၊ ပြောင်းထည့်တော့လေ၊ တော်ကြာ ညနေစောင်းလို့မှ မပြီးရင် သခင်မက ဒီဘက်ကိုရောက်ချလာပြီး လာကူလုပ်ပေးနေလို့ သခင်လေးသိရင် ကျုပ်တို့ ထုထောင်းခံနေရလိမ့်ဦးမယ်”

မယ်ခူး၏ အနှီစကားမှာတော့ မှန်ပေသည်မို့၊ မယ်သင်း ပြောင်းတွေကို ခပ်သွက်သွက် မောင်းခွက်ထဲသို့ ထည့်လိုက်လေသည်။ တေးသီဆိုနေသည့် အသံမှ ချက်ချင်းပင် သူတို့၏ သခင်မနှင့် သခင်လေးအကြောင်း စကား ရောက်သွားကြလေသည်။ သူတို့နှစ်ယောက်လုံးမှာ အဝေးကျီဝန် ဒါရူမြို့စား ဦးရာဂေါ၏ ကျီဝန်အိမ်တွင် အလုပ်အကြွေးပြုနေရသည့် သူများပင်။ အထူးသဖြင့်တော့ ဦးရာဂေါ၏ အသည်းနှင့်တမျှ ချစ်ရသော အကြီးဆုံးသမီးဖြစ်သူ မုတ္တာခင်၏အပါးတွင် နေရကာ မုတ္တာခင် ခိုင်းသမျှ၊ လိုသမျှကို လိုလေသေးမရှိ‌အောင် ဆောင်ရွက်ပေးရလေသည်။ အဝေးကျီဝန် ဦးရာဂေါတွင် သားသမီး နှစ်ဦးသာ ရှိလေကာ မုတ္တာခင်ဖွားမြင်ပြီး သုံးလေးနှစ်လောက် ကြာမှ သုဝဏ္ဏံကို ဖွားမြင်ခဲ့ပြီး ကျီဝန်ကတော်မှာ တိမ်းပါးသွားခဲ့လေသည်။ သုဝဏ္ဏံက အငယ်ဆုံးဖြစ်သော်လည်း တိမ်းပါးသွားသည့် ကျီဝန်ကတော်နှင့် မျက်နှာပေါက်ဆင်လှသည့် မုတ္တာခင်ကို ဦးရာဂေါက ခိုက်ခိုက်တုန်အောင်ချစ်သလို၊ သုဝဏ္ဏံမှာလည်း အစ်မတော်ကို စိတ်ကလေးတစ်ချက် မညှိုးအောင် ထားသည်။

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး[ခေတ္တရပ်နား]Where stories live. Discover now