အပိုင်း (၁)
"မား သူ့ကို အသားချောင်း ကျွေးလို့ရလား"
မင်းသမီးဝတ်စုံလေးကို ဝတ်ထားသည့် မိန်းမငယ်လေးက သူမ၏ ပြည့်ဖောင်းနေသော လက်ချောင်းလေးများကို ဆန့်တန်းလိုက်ပြီး အရှေ့ဘက်ရှိ ဆိတ်များကို လက်ညိုးထိုးပြသည်။ အနီးအနားရှိ သက်လတ်ပိုင်းအမျိုးသမီးကိုလည်း ကြည့်ကာ ပြောလိုက်သည်။
"သူတို့က ဘာလို့ မအော်ကြတာလဲ"
"ဘာ ဘာ ဘာ"
အနားရှိ အမျိုးသမီးက မည်သည့်စကားမှ မပြောနိုင်သေးခင် ထိုကောင်မလေးက ရယ်ပြီး ဆိတ်အော်သံကို ပြုသည်။ ထိုသို့ဖြင့် ဆိတ်များကို တုန့်ပြန်စေလို၏။
"ဟား ဟား"
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သမီးဖြစ်သူ၏ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်ရင်းပြောသည်။
"ကောင်းပြီလေ ပေါင်အာ ဒီဆိတ်ကို အော်စေချင်ရင် ဘေးနားက အဲ့ဒီဦးလေးတွေကို နူတ်ဆက်ရမယ်လေ။ သူ့ကို တွေ့တယ် မဟုတ်လား"
ပေါင်အာက ခေါင်းမော့လိုက်ပြီးနောက် ကျောက်သားများအထက် ထိန်းချုပ်အခန်း အတွင်းတွင် ရှိနေသော လူငယ်ကို လက်ယမ်းပြလိုက်သည်။
"ဦးလေး သူ့ကို အော်ခိုင်းလို့ရမလား"
ဆုပိုင်က ချစ်စရာကောင်းသည့် ကောင်မလေးကို ကြည့်ပြီး သဘောတကျ ပြုံးလိုက်သည်။ ထို့နောက် လက်ဆန့်ထုတ်လျက် ရှေ့မှ အနီရောင်ခလုတ်ကို ဖိနှိပ်လိုက်သည်။
"ဟေး"
ရုတ်တရက် အောက်ဘက်မှ ကျယ်လောင်သော ဆိတ်အော်သံက ရှည်ကြာသော အော်သံမျိုးဖြင့် ထွက်လာသည်။
"အို အို အို့ မား နားထောင်ကြည့် ဆိတ်ကအော်နေပြီ"
"နားထောင်လို့ကောင်းလိုက်တာ။ သမီး သူ့ကို ထိတွေ့ချင်တယ်"
"ဦးလေး သူ့ကို ထပ်အော်ခိုင်းလို့ ရမလား"
ကောင်မလေးက အပြုံးမျက်နှာနှင့် ပြောသည်။ သူမက လက်ခုပ်လေးတီးပြီး ခုန်ပေါက်နေသေး၏။
ဆုပိုင်က ခလုတ်ထပ်နှိပ်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ထိန်းချုပ်ခန်း အပြင်ဘက်သို့ ထွက်သည်။