"ဘာမှ စိတ်ပူမနေနဲ့၊ ကိုကြီး အဆင်ပြေအောင် လုပ်ပေးလိုက်မယ်"

မနက်ဖြန်မနက် ဆေးဖိုးအတွက်တောင် ဘယ်လိုစဉ်းစားရမလဲမသိသေးတာ။ လကုန်ဖို့က ရက်ပိုင်းသာ လိုတော့တာမို့ အိမ်လခ သုံးလစာလောက်အတွက်လည်း ကြိုပြီး စိတ်ပူရတော့မည်။ ညီမလေး မသိအောင် သက်ပြင်းခိုးချလိုက်ပေမယ့် မျက်နှာကတော့ သိသိသာသာပဲ ညိုးနေလိမ့်မည် ထင်သည်။ ငယ်ငယ်က ဇာနည့်ကို တစ်ချက်သာ လှမ်းကြည့်ပြီး ဘာမှဆက်မပြောတော့ဘဲ အသီးအရွက်ထည့်ထားသော ခြင်းကို ယူကာ အိမ်ရှေ့ခန်းကို ထသွား၏။

အိမ်နောက်ဖေးကနေ အိမ်ရှေ့ခန်းကို ခြေလှမ်းနှစ်လှမ်းစာလောက်နှင့် ရောက်နိုင်သော အိမ်လေးကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ရဲမြတ်ထွဋ်ခေါင်၏ နန်းတော်တစ်ခုလို အိမ်ကြီးကို မဆီမဆိုင် မြင်ယောင်မိသည်။ ရဲမြတ်ထွဋ်ခေါင် ဘ၀ဟာ ဇာနည်တို့ဘ၀နှင့် လှမ်းကြည့်ရင်တောင် မမြင်နိုင်လောက်အောင် ကွာဝေးလွန်းသည်။

ဇာနည် ဆိုတာက အငယ်နှစ်ယောက်ရှေ့မှာ ၀မ်းနည်းရင်တောင် မျက်ရည်ကျခွင့် မရှိခဲ့။ ခက်ခဲပင်ပန်းနေရင်တောင် ပြိုလဲခွင့်မရှိခဲ့။ "ငါက စပြီး ပြိုလဲပြနေရင် ငါ့ညီနဲ့ ညီမလေးက ဘယ်လိုရပ်တည်မလဲ" ဆိုသော စိတ်က ကိုယ့်ကိုယ်ကို ငိုခွင့်တောင် မပေးခဲ့ပါ။ အငယ်တွေကို ပိုကောင်းတဲ့ဘ၀တစ်ခုမှာ ထားမယ်၊ ငါ အများကြီး ကြိုးစားရမယ်ဆိုသော စိတ်တစ်ခုတည်းကိုသာ ထပ်တလဲလဲတွေးထားခဲ့ရင်း ဘ၀မှာ တခြားဘာကိုမှ ခေါင်းထဲမထည့်နိုင်ခဲ့ချေ။

ရဲမြတ်ထွဋ်ခေါင် က သူ့အား "မင်းက လူငယ်မပီသဘူး" ဟု ပြောဖူးသည်။ လူငယ်ပီသဖို့ဆိုတာလည်း ဘ၀မှာ လူငယ်လို နေထိုင်ခွင့် ရမှ ဖြစ်နိုင်မည် မဟုတ်လား။ ဒါတွေကို ရဲမြတ်ထွဋ်ခေါင်လို ဘ၀မျိုးနဲ့ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

........

လမ်းထိပ်မှာ ကားရပ်ကာ စောင့်နေရတာ ဆယ့်ငါးမိနစ်ကျော်လာပြီမို့ ဖုန်းထပ်ခေါ်ဖို့ ပြင်လိုက်ပြီးမှ ခပ်လှမ်းလှမ်းကနေ လျှောက်လာနေသော ဇာနည့်ကို တွေ့လိုက်ရသည်။ ကားမှန်ကို မချဘဲ ဒီအတိုင်းစောင့်နေလိုက်တော့ လျှောက်လာပြီး အရှေ့ခန်းတံခါးဖွင့်ကာ ၀င်ထိုင်၏။ ဘာမှ မပြောဘဲ ကားကို မောင်းထွက်လာဖို့ လုပ်တုန်းမှာ -

Magic Hides My ManHikayelerin yaşadığı yer. Şimdi keşfedin