ရွှီဆွေက ကျိုးကျင်းဇယ်နှင့် နေ့လည်စာစားပြီးသည့်နောက်၌ နေ့လည်ခင်းအတန်းချိန်အတွက် အမြန်ပြန်ပြေးလာရသည်။ ညနေခင်း အဆောင်ပြန်သည့်အခါတွင်တော့ ကျိုးကျင်းဇယ်နှင့်တွေ့ဆုံခဲ့ပြီးဖြစ်၍ စိတ်ထဲအတော်လေး နေသာထိုင်သာရှိသွားခဲ့သည်။ သူတို့နှစ်ဦးစလုံးက တကယ်ကို အလုပ်များနေကြခြင်းလည်းဖြစ်ပြီး ဒုတိယနှစ်ရောက်လာသည့်အတိုင်း ဆေးပညာသင်သူနေသည့်ကျောင်းသူတစ်ယောက်အတွက် စာသင်ချိန်များဖြင့်ပင် ပြည့်နေတော့သည်။
ကျောင်းဝန်းအတွင်းဖွင့်လှစ်ထားသည့်မုန့်ဆိုင်မှ ဝယ်လာသောစပျစ်သီးကို ရေဆေးပြီး ရေချိုးခန်းထဲမှထွက်လာလာချင်းတွင် အိပ်ရာပေါ် လှဲအိပ်နေသည့်ဟူချန်ရှီးကို တွေ့လိုက်သဖြင့်
"ရှီးရှီး..စပျစ်သီးစားဦးမလား..ချိုတယ်"
ဟူချန်ရှီးက ခေါင်းရမ်းပြပြီး နှေးတိနှေးတုံ့သာပြန်ဖြေလာသည်။
"မစားတော့ဘူး..စပျစ်သီးထဲမှာ ကယ်လိုရီတွေအများကြီးပါတယ်..ငါ ဝိတ်ချနေတာ"
သူမ အလင်းထက်မြန်တဲ့အလျင်နဲ့ သေချာပေါက် ပိန်အောင်လုပ်ပြပြီး လုဝိန်ပိုင် နောင်တရစေရမယ်!
"ဒါဆို နင် စားချင်တဲ့အချိန်ကျရင်ယူစားနော်"
ရွှီဆွေက စပျစ်သီးကိုဝါးရင်း ပန်းကန်ပြားအား စားပွဲပေါ်တင်ထားလိုက်သည်။
ရွှီဆွေက ထိုင်ခုံပေါ်ထိုင်ပြီး လက်ကိုင်ဖုန်းကိုဖွင့်ကာ နှစ်ယောက်သား ပြောထားကြသည့်မက်ဆေ့ဘောက်ထဲဝင်ကြည့်ရင်း တပြုံးပြုံးလုပ်နေမိသည်။ ထိုစဥ် အရိပ်တစ်ခုကျလာပြီး ဟူချန်ရှီးက အနောက်မှတိတ်တိတ်လေးရောက်လာကာ ရွှီဆွေ၏လည်ပင်းကို သိုင်းဖက်လိုက်သည်။
"ကောင်းပါ့..တချို့က ပျော်နေပေမယ့် တချို့က ဝမ်းနည်းနေတယ်လို့"
ရွှီဆွေက လက်ကိုင်ဖုန်းကို အမြန်ဖွက်လိုက်၍
"ငါလည်း စိတ်ညစ်နေတာပါနော်..ဆေးပညာစာအုပ်တွေ မကျက်နိုင်တော့လို့ ခေါင်းပြောင်တော့မယ်"
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--