ယခုတွင်တော့ အမှန်တရားက ရုတ်တရက် ပေါ်လာလေပြီ။ ရှန်းရှီနှင့် သူချစ်ရပါသော သူတို့၏ အသံတို့က တူညီနေခဲ့သည်။ ထို့အပြင် သူတို့၏ မျက်ဝန်းနက်နက်များကပါ ဆင်တူသည်။ ရှန်းရှီ သူ့ဘေးတွင် ရပ်လိုက်သည့် အချိန်တိုင်း ထိုသူ၏ အပြုအမူများသည် သူ မီမီ ဖြစ်သွားစဉ်က ယင်ညန် သူ့ကို ကာကွယ်ပေးပုံနှင့် တစ်ထပ်တည်းတူညီနေခြင်းပင်။

သူသတိမထားမိခဲ့သော အရာများက ယခုတွင်တော့ မထူးဆန်းသည့်အလား ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်။

"ယင်ညန်"

အဘယ့်ကြောင့်များ သူသည် ချစ်ရသူ သူ့အနားရှိနေသည်ကို သတိမမူမိလောက်အောင် တုံးအခဲ့ရပါသနည်း။

ကျန်းကျိရင် လက်သီးတင်းတင်းဆုပ်၍ ခေါင်းယမ်းမိသည်။

တစ်ချိန်တုံးက သူသည် ဤဖြစ်နိုင်ချေကို ရိုးရိုးရှင်းရှင်း မတွေးခဲ့ရဲပေ။ သို့သော် ယခုလို အရာအားလုံး ရှင်းသွားသည့်အချိန်တွင်ပင်လျှင် သူ မယုံရဲနိုင် ဖြစ်နေသေးသည်။

'ငါတော့ ရူးသွားပြီ ထင်ပါရဲ့'

ဤကိစ္စများအားလုံး အားလုံး အားလုံးသည် သူ့အိပ်မက်ထဲတွင်ပင် မဖြစ်လာနိုင်ဟု တွေးထားမိသော အရာများ ဖြစ်သည်။

မုန့်ကာလီသည် သူ၏ စကားတစ်ခွန်းကြောင့် ကျန်းကျိရင်၏ ဆက်တိုက် ပြောင်းလဲသွားနေသော အမူအယာများကို ကြည့်ရင်း စိတ်ရှုပ်လာသည်။ သူသည် အောက်ဆင်းလိုက်ပြီး ယင်ရှောက်ရှန်းကို ချီလိုက်ကာ နောက်ဆုံးသော စကားကို တာဝန်သိတတ်စွာဖြင့် ပြောလိုက်သည်။

"သူ မင်းကို တွေ့ချင်နေတယ်"

နောက်တစ်စက္ကန့်တွင် မိန်းမငယ်လေး၏ ပုံရိပ်က တစ်ခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ် သွားသည်။

ကျန်းကျိရင် ဗလာဖြစ်နေသော အမူအယာဖြင့် ခေါင်းမော့လိုက်သည်။

တောက်ပလင်းလက်နေသော လမင်းက ကောင်းကင်ထက်တွင် အစွမ်းကုန် အလင်းပေးနေသည်။ တိမ်များက လွင့်သွားလိုက် ပြန်စုလာလိုက်ဖြင့် လေတိုက်တိုင်း အသွင်ပြောင်းနေ၏။ တောက်ပသော လရောင်ဖြာလာချိန်တွင် ကမ္ဘာမြေရှိ အမှောင်ထုက ဘေးဖယ်နေရသလို အလင်းနှင့်အမှောင် အားပြိုင်နေသလို ခံစားချက်မျိုးပေးစွမ်းနေသည်။ ထိုသို့ အလင်းနှင့် အရိပ်မည်းမည်းမည်းများကြားမှ ပုံရိပ်တစ်ခု လရောင်ထဲ ပေါ်လာပြီး ရှေ့တိုးလာသည်။ ၎င်းသည် အရပ်ရှည်ရှည်နှင့် ပိန်ပါးသော လူပုံရိပ်တစ်ခုဖြစ်ကာ ထိုသူသည် ရှေ့သို့ အေးဆေးစွာ လျှောက်လှမ်းလာသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now