(34) ဘီယာကြော်ငြာရိုက်ကွင်းမှာ

1.1K 174 4
                                    

(34) ဘီယာကြော်ငြာရိုက်ကွင်းမှာ

ပိုင်လန်ရဲ့အရက်သောက်နိုင်စွမ်းက အရမ်းကိုနည်းတယ်။

သူ ပထမဦးဆုံးအကြိမ်သောက်ခဲ့တုန်းကလည်း ဆိုးဆိုးရွားရွားအဖြစ်ပျက်တွေကြုံခဲ့တာပဲလေ။ အဲဒိတုန်းက သူက ကလပ်မှာလူတွေကိုအဖော်ပြုပေးဖို့လှည့်စားခံလိုက်ရပြီးနောက်မှာ ချိုးချန်လက်ထဲ စနောက်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့တယ်။ အခုချိန်မှာလည်း ပိုင်လန်က ကျန်းမာရေးအခြေအနေကြောင့် ငြင်းလို့မရမယ့်အချိန်ကလွဲပြီး ကျန်တဲ့အချိန် အရက်ကိုမထိတော့ဘူး။ အချိန်အကြာကြီးဖြတ်ထားခဲ့ပြီးမှ ရုတ်တရက်ကြီးပြန်သောက်ရမယ်ဆိုရင် မူးပြီးမှောက်သွားဖို့ရာ အလွယ်ကလေးဖြစ်နေမှာပါပဲ။

ဖန်းဟွာက ပိုင်လန့်ကိုယ်စားဒီကြော်ငြာကို လက်ခံပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့အယ်လ်ကိုဟောလ်ခံနိုင်ရည်ကို ထည့်မတွက်မိခဲ့ဘူး။ သူမက ကုမ်ပဏီဘရန်းလည်း အလွန်ကောင်း၊ ဆိုင်ခွဲတွေအများကြီးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိတာကိုပဲ မြင်လိုက်မိတာ။ အရင် UNI ကုမ်ပဏီထက်မသာရင်တောင် လုံးဝနောက်ကောက်မကျတာကြောင့် ဖန်းဟွာလည်း ပိုင်လန့်အမြင်ကိုမမေးတော့ဘဲ စာချုပ်ချုပ်ခဲ့ပါတယ်။

ဒီလိုနည်းနဲ့ ပိုင်လန်လည်း ငြင်းမရဘဲ ရိုက်ဖို့အကြောင်းဖန်လာတယ်။ သူက သူ့အကြောင်းကို အစောကြီးကတည်းက ရိုက်ကွင်းအဖွဲ့တွေဆီ အသိပေးခဲ့တယ်။ NG တွေအများကြီးဖြစ်လို့ ခေါင်းမူးလာရင် ခဏတဖြုတ်အနားယူရပါလိမ့်မယ်လို့ ကြိုတင်ညှိနှိုင်းထားခဲ့ပါတယ်။

ဒါပေါ့ ...ဒီကိစ္စဖြေရှင်းဖို့က နောက်ထပ်တစ်နည်းလည်းရှိသေးတယ်။ ရိုက်ကူးနေစဉ်မှာ တကယ့်ဘီယာမဟုတ်ဘဲ အခြားအယ်လ်ကိုဟောလ်မပါဝင်တဲ့အရည်တစ်မျိုးမျိုးနဲ့ အစားထိုးရိုက်ကူးဖို့လေ။ ကင်မရာရှေ့မှာ ဒီလိုမျက်စိလှည့်စားတာမျိုးက ပြင်ဆင်တည်းဖြတ်တာသာကောင်းကောင်းလုပ်နိုင်ရင် အတုလားအစစ်လား ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် ပိုင်ရှင်ကတော့ ဒီလုပ်ကွက်ကိုချက်ချင်းပဲကန့်ကွက်တယ်။ သူ့ဘီယာအရောင်က အလွန်ကြည်လင်ပြီးလှပတယ်လို့ပြောခဲ့တယ်။ အမြှပ်ထူထူလေးတွေနဲ့ ပြီးပြည့်စုံလွန်းတာကြောင့် အခြားအရာနဲ့အစားမထိုးနိုင်ပါဘူးတဲ့လေ။ နောက်ပြီး သူ့ဘီယာမဟုတ်တဲ့ အခြားအရာအတွက်ကြောင့်လည်း ပိုက်ဆံအများကြီးသုံးပြီးကြော်ငြာမရိုက်နိုင်ပါဘူးတဲ့။ ဒါကြောင့် ပိုင်လန်လည်း မူးကိုမူးမှဖြစ်မယ့်အခြေအနေကိုရောက်သွားတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာHikayelerin yaşadığı yer. Şimdi keşfedin