(6) ခေါင်းစွပ်ဆွယ်တာအင်္ကျီ

1.5K 224 0
                                    

Unicode

(6) ခေါင်းစွပ်ဆွယ်တာအင်္ကျီ

ဒီနေ့မှာ ပိုင်လန်က UNI ရိုက်ကွင်းကိုရောက်တော့ ကြော်ငြာရိုက်ကူးရေးစဖို့ ငါးမိနစ်ပဲလိုတော့တယ်။

ဒီလောက်မြန်မြန်ရောက်လာတာကလည်း ဟုန်ဟုန်ရဲ့ကားမောင်းကျွမ်းကျင်တာကြောင့်နဲ့ ချိုးချန်ရဲ့ ငွေရောင် SUV ကြီးကြောင့်လေ။

အခုရိုက်ကွင်းကို မလာမီလေးတင် ချိုးချန်က ဟုန်ဟုန်ကို ဖုန်းဆက်ခေါ်ပေးခဲ့တာ။ သိပ်တောင်မကြာလိုက်ပါဘူး.. အမည်းရောင်ဝတ်စုံပြည့်နဲ့ ဟုန်ဟုန်က တိုက်ခန်းအဆောက်အဦးထဲ ဝင်လာတယ်။ ချိုးချန်က သူ့ကို ကားသော့ပစ်ပေးလိုက်ပြီး ညွှန်ကြားလိုက်တာပေါ့ "အခုချိန်ကစပြီး မင်း ပိုင်လန်နောက်ကို လိုက်ရမယ်" ။ ဒါပါပဲ တစ်ခွန်းတည်း ပြီးသွားတာပဲလေ။

အမိန့်ထုတ်ခံလိုက်ရတဲ့ဟုန်ဟုန်က မျက်နှာပေါ်မှာ မကျေနပ်ချက်လေးတော့ ပြဖြစ်အောင် ပြလိုက်သေးတယ်။ ဒါကိုမြင်လိုက်တဲ့ ပိုင်လန်လည်း သူ့စကားတွေအတွက် နောင်တရသွားရှာတယ်။

ပိုင်လန်က ဟုန်ဟုန်ကို ရွေးရတဲ့အကြောင်းရင်းကတော့ သူက စကားမဖွာတဲ့လူတစ်ယောက်မို့လို့ပဲ။ သူ့ပုံစံက ဖော်ဖော်ရွေရွေ မရှိပေမယ့် အလုပ်လုပ်ရာမှာတိကျပြီး အခြေအနေအရပ်ရပ်ကိုလည်း ဖြေရှင်းနိုင်စွမ်းရှိတယ်။ သူက ရှောင်ယန်နဲ့တော့ လုံးဝတခြားစီပဲ။ ဒါပေမယ့် ဟုန်ဟုန်က ချိုးချန်လက်ထောက်ဖြစ်လိမ့်မယ်လို့ ပိုင်လန်က မထင်ထားမိဘူး။ အရင်ဘဝတုန်းက ချိုးချန်ဘေးနားမှာ နေတဲ့လူက ဟုန်ဟုန်မှ မဟုတ်တာ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ချိုးချန်ဘေးနားမှာနေနိုင်တယ်ဆိုကတည်းက ထက်မြက်လို့ဆိုတာ မြေကြီးလက်ခတ်မလွဲပဲလေ။ ဒါက ပြောစရာတောင် မလိုဘူး။

... အရင်ဘဝတုန်းကရော ချိုးချန်က ဟုန်ဟုန်ကိုလွှတ်ပြီး သူ့ကိုကူညီခဲ့စေတာလား.....

ပိုင်လန်က ချိုးချန်ကို မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာလည်း ရှုပ်ထွေးနေတာပဲ။ သူ အတွေးများနေတာလည်း ဖြစ်နိုင်တာပဲ.. ဟုန်ဟုန်က မတော်တဆအမှားလုပ်မိလိုက်လို့ ချိုးချန်ကကန်ထုတ်လိုက်တဲ့အချိန်မှာ ပိုင်လန်အနားရောက်လာတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲဒိတုန်းက သူ့ဆီအပို့ခံလိုက်ရတဲ့ဟုန်ဟုန့်မှာ ဒေါသထွက်နေတဲ့အမူအရာတွေလည်းမရှိဘူး၊ ကန့်လန့်ဂွတိုက်နေတဲ့အပြုအမူတွေကိုလည်း မလုပ်ဘူး။ ဒါကြောင့် ပိုင်လန်က ပထမအတွေးကို ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ ကောက်ချက်ဆွဲလိုက်တယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now