"ဘာလိုလို့လဲ ဗညားရဲ့၊ ပစ္စည်းတွေ လျှောက်မရောင်းပါနဲ့၊ တစ်ခုခုလိုတာဆို မမကိုပြောလေ၊ မဟုတ်လည်း ကိုခန့်ကို ပြောပေါ့"

"အမှန်တိုင်းပြောရရင်တော့ ကျွန်တော်လည်း သုံးဖို့ လိုတာတွေရှိလို့ပါ၊ ပြီးတော့ ပိုင်ခန့်ကိုလည်း ပြန်ပေးချင်တယ်"

"ကိုခန့်ကို ဘာပေးစရာ ရှိလို့လဲ၊ ဗညား ဒီမှာနေတဲ့အတွက် ပေးတာဆိုရင်တော့ ကိုခန့်က လက်ခံမှာမဟုတ်ဘူးနော်"

ဗညားထွဋ်ခေါင် သက်ပြင်းချမိသည်။ ထိုအချက်ကို သူသိပြီးသားပါ။ ပိုင်ခန့် ကို ပိုက်ဆံသွားပေးရင် လက်ခံမှာ မဟုတ်သလို၊ စိတ်ဆိုးရင်တောင် ဆိုးသွားနိုင်သည်။

"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဒီရက်ထဲ ပိုင်ခန့် ကုန်တာတွေလည်း များတယ်မလား၊ အလုပ်ကလည်း ပြန်ရသေးတာ မဟုတ်ဘူး"

မမက ဘာပြန်ပြောရမှန်း မသိသလို ကြည့်နေ၏။

"ပြီးတော့ ဒီလက်စွပ်က ကျွန်တော့်ပစ္စည်းပါ၊ ဘာပြဿနာမှလည်း မရှိပါဘူး"

"အဲ့ဒါကြောင့် မဟုတ်ပါဘူး၊ ကဲပါ ... ဗညား သုံးဖို့လိုတယ်ဆိုလည်း မမရောင်းကြည့်ပေးမယ်၊ ဒါပေမယ့် လက်စွပ်တန်ဖိုးက များတယ်မလား၊ အဆင်ပြေတဲ့ဆိုင် မေးကြည့်ပြီးမှ ရောင်းပေးမယ်နော်"

"ဟုတ် ရတယ် မမ၊ မမအဆင်ပြေတဲ့‌ ဈေးနဲ့သာ ရောင်းလိုက် ရတယ်သိလား"

မမက လက်စွပ်ကို မတတ်သာလို့သာ ယူလိုက်ရသလို ယူရင်း သက်ပြင်းချသည်။ ဗညားထွဋ်ခေါင်အား ပစ္စည်းတွေလျှောက်မရောင်းဖို့ ပိုင်ခန့် မှာထားတယ်ဆိုတာကို မမလည်း သိနေသည်လေ။ ဒါပေမယ့်လည်း မတတ်နိုင်။ သူ့မှာ တခြားပိုက်ဆံရနိုင်တဲ့ နည်းလမ်းမှ မရှိဘဲ။

.........

လမ်းထိပ်မှာ ကားရပ်ကာ စောင့်နေသော ရဲမြတ်ထွဋ်ခေါင်ဆီသို့ ဇာနည် လျှောက်လာခဲ့သည်။ ဒီနေ့တော့ ပြဿနာဖြစ်ချင်လည်း ဖြစ်။ တစ်ခါတည်း အပြတ်ပြောလိုက်မည် ဟု စဉ်းစားထားသည်။ ညကမှ ကိုခန့်နဲ့ ဖုန်းပြောဖြစ်ရင်း ရဲမြတ်ထွဋ်ခေါင် ဘယ်လိုပြဿနာတွေ လုပ်ထားခဲ့တယ်ဆိုတာကို သိရတာ ဖြစ်သည်။ ဒီလိုလူဆီမှာတော့ အလုပ်ဆက်မလုပ်နိုင်တော့တာကြောင့် "အလုပ် မလုပ်တော့ဘူး" ဟု မနက်ကပြောလိုက်၍ လမ်းထိပ်အထိ ရောက်လာတာ ဖြစ်သည်။

Magic Hides My ManWhere stories live. Discover now