"ငါ အခု မျက်ရည်ကျချင်နေတာလား"

ကိုယ့်ကိုယ်ကို နားမလည်နိုင်သလို ခပ်တိုးတိုး ပြန်မေးလိုက်ပြီး၊ လက်ထဲက စီးကရက်အား ပစ်ချကာ နင်းချေပစ်လိုက်သည်။ ဆံပင်တွေကြားထဲ လက် ထိုးဖွကာ မျက်လုံးတွေကို မှိတ်ထားရင်း ငြိမ်နေမိသည်။ အခု တစ်ယောက်တည်း ဖြစ်သွားသလို၊ လမ်းပျောက်သွားတဲ့လူလို ဘာလို့ ခံစားနေရတာပါလဲ။ ရင်ဘတ်ထဲမှာ တင်းကြပ်ပြီး အနေရခက်လာတဲ့ ခံစားချက်ကြီးကို ခေါင်းခါပြီး မောင်းထုတ်ဖို့ ကြိုးစားတော့၊ မှိတ်ထားသော မျက်လုံးတွေကနေ မျက်ရည်တို့က အလိုလို စီးကျလာသည်။

ဗညားထွဋ်ခေါင်ဆိုတဲ့ကောင်က ဒီကမ္ဘာကို ရောက်မှ သိပ်ကို မျက်ရည်လွယ်နေတော့တာပါပဲလား။

..........

"ကျွန်တော်အရင်က social media တွေပေါ်မှာ မြင်ဖူးနေတဲ့ ခင်ဗျားပုံစံက ဒီလိုမဟုတ်လို့ အံ့ဩသွားရုံပါ" တဲ့။

ဇာနည်ပြောချင်တဲ့သဘောက သူဟာ Public မှာ သူတော်ကောင်းယောင်ဆောင်နေပြီး၊ Private Life မှာ လုပ်ချင်ရာလုပ်နေတာလို့ ပြောသွားတာမျိုးပဲ။ သူ့အကြောင်းကို ဘာများသိလို့ ဒီလိုမျိုး သတ်မှတ်ချင်သလို သတ်မှတ်လိုက်ရတာလဲ မသိပါ။ ကိုယ့်အတွေးနဲ့ကိုယ်မို့ ဆူညံနေသော ပွဲ၏အသံများကလည်း အာရုံထဲသိပ်မရောက်။

"ကိုရဲ ... ပြန်တော့မလား"

အနားကပ်ကာ လာမေးသော မင်းထက်ကို ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့ပွဲက Central မှာ ကျင်းပသော မျက်နှာသစ် Model တွေကို Media နဲ့ မိတ်ဆက်ပေးတဲ့ ပွဲမျိုး ဖြစ်သည်။ Agency Founder ရဲ့ အထိမ်းအမှတ်ပွဲတစ်ခုလို့သာ သတ်မှတ်ထားပေမယ့်၊ ပွဲရည်ရွယ်ချက်က ထို Model များကို Media ရှေ့ ထုတ်ပြလိုခြင်းပင်။ ထို Agency Founder က ဖေဖေ့စီးပွားရေး Partner တစ်ဦးရဲ့တူ ဖြစ်သောကြောင့်၊ ရဲမြတ်ထွဋ်ခေါင်က အလိုအလျောက် ထိုပွဲအား တက်ရမည့်တာ၀န် ရှိသွားတော့သည်။

Founder ကို နှုတ်ဆက်စကားပြောကာ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပြီးမှ ပွဲထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။ Media များနဲ့ အလှည့်ကျ အင်တာဗျူးနေသော Model များ၏ အကြည့်တော်တော်များများက‌ ရဲမြတ်ထွဋ်ခေါင်ထံသို့ ရောက်နေမှာကတော့ လှည့်မကြည့်ရင်တောင် သိနိုင်သည်။

Magic Hides My ManWhere stories live. Discover now