"မင်း... ငါ့ကိုကြိုက်နေတာဆို..."
ညီသာ့ရှေ့တည့်တည့်မှာ ရုတ်တရက်ပေါ်လာပြီး ညီသာ့မျက်နှာနားထိတိုးကပ်ကာ ပြောလာတဲ့စကား။
"မင်းငါ့ကို ကြိုက်နေတာ"
တစ်လုံးချင်းသေချာပြောလာတဲ့ တည်မိုးအေးချမ်းရဲ့ စကားများကြောင့် ညီသာကြောင်အနေမိတယ်။ အနှီသန့်ပြန့်ချောမော ခံ့ညားလွန်းသောမျက်နှာက ညီသာ့ရှေ့ရောက်လာပြီး မျက်လုံးများက ညီသာ့ကိုသေသေချာချာ စူးစမ်းနေပြန်သေးတယ်။ မျက်မှောင်ကြုတ်ပြီး သေချာပြောဆိုနေပုံက တကယ့်ကိုအသည်းအသန်။
"ဒါပေမဲ့ ငါမင်းကိုမကြိုက်ဘူး..."
"ဘာတွေလာပြောနေတာလဲ"
ဖဲရိုက်ပြီး ဖဲရှုံးပြန်လာတဲ့ညီသာဝင်းထိန်မှာ သူ့ကိုအသားလွတ်ကြီးလားငြင်းနေတဲ့ တည်မိုးအေးချမ်းရဲ့စကားများကြောင့် စိတ်လေနေပြီ။
ရုတ်တရက်ကြီး ဘာတွေလာပြောနေတာလဲ...ဆေးကျောင်း Kingကစာအလုပ်လွန်ပြီး ဂေါက်သွားတာလား။
"ညီသာဝင်းထိန် ငါမင်းကိုမကြိုက်ဘူး... မင်းကငါ့ typeမဟုတ်ဘူး"
တည်မိုးအေးချမ်းက ထပ်ပြောလာတယ်။
ညီသာဝင်းထိန်ရဲ့မျက်ခုံးတွေက ပြန့်ပြူးနေရာက တွန့်ချိုးသွားသလို စေ့ထားတဲ့နှုတ်ခမ်းလွှာကလဲ အနည်းငယ်ဟသွားလေတယ်။သူအံ့သြသွားတာ...
"တည်မိုးအေးချမ်း ဘာတွေလာကြောင်နေတာလဲ"
ညီသာက ထိုအမူအရာနဲ့ပဲ အံ့သြတကြီးဖြစ်စွာ ပြောချလိုက်တယ်။
"ဟွန်း"
တည်မိုးအေးချမ်းက ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး မဲ့ပြုံးပြုံးလေတယ်။ ထိုသကောင့်သားက မျက်နှာကိုတစ်ဖက်လှည့်လိုက်တာမို့ ထင်းနေတဲ့မေးရိုးနဲ့ ချွန်မြနေတဲ့နှာတံတို့ကို ပေါ်လွင်အောင် မြင်ရတော့တယ်။
သူတို့နှစ်ယောက်ကို ကော်ရစ်ဒါမှာဖြတ်သွားကြတဲ့ ကျောင်းသူတချို့ကပါ ကြည့်သွားကြတယ်။ ဒါသေချာပေါက် တည်မိုးအေးချမ်းကို ကြည့်တာ။ သူတို့နည်းပညာတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင် ဆေးတက္ကသိုလ်က နာမည်ကျော်Kingက ရုတ်တရက်ကြီးကျောင်းမှာပေါ်လာတာမို့ ထူးဆန်းနေပြီး စပ်စုသလိုကြည့်သွားကြတယ်။