Part 1

1.7K 124 8
                                    

ကင်မရာမီးရောင်တွေတဖျပ်ဖျပ်။ကြိုးဝိုင်းဘေးမှ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေက ကျယ်လောင်စွာဟိန်းထွက်နေသည်။အားကောင်းသည့်မီးရောင်တွေက ကြိုးဝိုင်းအတွင်းမှ ယှဉ်ပြိုင်ထိုးသတ်နေသည့် fighterနှစ်ယောက်ကို မီးမောင်းထိုးပြထားသည်။ကင်မရာ‌တွေက အဆက်မပြတ်ရိုက်ကူးပြီး screen ကြီးတွေပေါ်မှ ပုံရိပ်တွေကလည်း လှုပ်လှုပ်ရှားရှား။

"မုန်ဆိုင်းဖုန်!!"

"မုန်ဆိုင်းဖုန်!!"

"မုန်ဆိုင်းဖုန်!!"

မုန်ဆိုင်းဖုန် မျက်လုံးတွေက ကျားသစ်တစ်ကောင်လိုစူးရဲနေပြီး ရှေ့မှ ပြိုင်ဘက်fighterကိုသာ အာရုံစိုက်ထားသည်။လက်သီးဆုပ်ထားကာ မျက်နှာကို ကာကွယ်ထားသည်။လက်သီးနောက်မှ စူးရဲသည့်မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းပြီး လူသတ်ငွေ့တွေ‌စိမ့်ထွက်နေသည်။

ပြိုင်ဘက်က တစ်ဟုန်ထိုးရှေ့တိုးလာပြီး လက်သီးတစ်လုံးပစ်သွင်းသည်။မုန်ဆိုင်းဖုန် ထိုလက်သီးချက်ကို ရှောင်လိုက်ကာ ပြိုင်ဘက်ထံ ပင့်လက်သီးတစ်ချက်ထိုးချလိုက်သည်။ပြိုင်ဘက်ကရှောင်ကာ ခါးကို ထိုးသည်။မုန်ဆိုင်းဖုန် ခါးက ပြင်းပြင်းထန်ထန် နာကျင်သွားကာ နဖူးကြောတွေက ထင်းထွက်လာသည်။နောက်ကို နှစ်လှမ်းခန့်ဆုတ်လိုက်ပြီး အံတင်းတင်းကြိတ်သည်။ခံညားလှသည့်မေးရိုးမှာ ထင်ရှားပေါ်လွှင်နေကာ သန်မာမှုအပြည့်နှင့် သိပ်‌ကြည့်ကောင်းသည်။

မုန်ဆိုင်းဖုန် ရှေ့ကို တစ်ဟုန်ထိုးတက်သွားပြီး ပြိုင်ဘက်ထံ ထိုးချသည်။ပြိုင်ဘက်က လက်သီးချက်တွေကို ရှောင်ကာ တိုက်ခိုက်သည်။မုန်ဆိုင်းဖုန် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်၍ မျက်နှာကို ဖြတ်ကန်သည်။ကန်ချက်မှာ ပြင်းထန်သည်။ပြိုင်ဘက်က တစ်ချက်ထဲမှောက်သွားပြီး ဒိုင်က ချက်ချင်းရောက်လာသည်။ပြိုင်ဘက်ကိုကြည့်ကာ စတင်ရေတွက်တော့သည်။

"1,2,3,4,.....10"

ဒိုင်က မုန်ဆိုင်းဖုန်ဘေးရောက်လာပြီး လက်ကိုကိုင်ကာ မြှောက်လိုက်သည်။

"အနိုင်ရရှိသူကတော့ မုန်ဆိုင်းဖုန်!!"

မုန်ဆိုင်းဖုန် ရင်ဘတ်က နှိမ့်ချည်မြှင့်ချည်ခုန်ပေါက်နေပြီး နဖူးမှချွေးတွေကို လက်ဖမိုးနှင့်ဖိသုတ်လိုက်သည်။ဘေးမှ ကင်မရာမီးရောင်ကတဖျပ်ဖျပ်။စိတ်ထဲကျေနပ်မှုတွေပြည့်လျှံလားပြီး နှုတ်ခမ်းထောင့်တွေက ဆွဲဆောင်မှုအပြည့်နှင့်ကော့တက်သွားသည်။ကြိုးဝိုင်းထဲတွင် အနိုင်ရခဲ့သည်မှာ လောကကြီးတစ်ခုလုံးကို အနိုင်ရသလို ပျော်ရွှင်သည်။လူတွေအားလုံးက သူ့ကို လေးစားအားကျပြီး အကြည့်တွေအားလုံးက သူ့ဆီသာ။အောင်မြင်မှုရနံ့တွေက လေထုထဲပျံ့နှံ့နေပြီး ဂုဏ်ယူမှုတွေက ရင်ထဲတွင်ပြည့်လျှံနေသည်။

ဝှက်ထားတဲ့ညတွေWhere stories live. Discover now