Chapter 25📚

4.1K 630 20
                                    

Chapter 25

" ငါကအလျော့ပေးနေတာမဟုတ်ဘူး… ဒါကရှင်းရှင်းထိုက်တန်တဲ့အရာပဲ…"

ပိုင်ရဲ့စိတ်မရှည်သည့်အသံဖြင့် ပြောလိုက်သည် " ပြီးတော့ ဒါက ငါနဲ့ငါ့ရဲ့…"

ဖန်ဟူသောစကားလုံးမှာ သူ၏လျှာဖျားပေါ်တွင်ရောက်ရှိလာခဲ့သော်လည်း ချီရှင်းချန်မှာ သူ၏ကျော်ကြားမှုကိုမှီခို၍နာမည်တက်လာခြင်းမျိုးမဖြစ်စေရန်အတွက် ကင်မရာရှေ့တွင် ပိုင်ရဲ့၏ပရိသတ်ဟုပြောရန်တွန့်ဆုတ်နေကြောင်းကို ပြန်လည်သတိရသွားသောကြောင့် ပိုင်ရဲ့ သူငယ်ချင်းဟူသောစကားလုံးကို အလျင်စလို ပြောင်းလဲလိုက်ရသည်။

" ဒါကငါနဲ့ငါ့သူငယ်ချင်းရဲ့ကြားထဲကကိစ္စပါ… ငါတို့ဘာသာဆက်ပြီးဆွေးနွေးလိုက်လို့ရပါတယ်…"

ဤသည်မှာ ပိုင်ရဲ့ထံမှ အလွန်ပင်တည့်တိုးဆန်လှသော စကားတစ်ခွန်းဖြစ်ပြီး အဓိပ္ပါယ်နှစ်မျိုးပါရှိနေခဲ့သည်။ ပထမတစ်ခုမှာ " မင်းသောက်ပူတပြားမှမပါဘူး…" ဟုအဓိပ္ပါယ်ရပြီး ဒုတိယတစ်ခုမှာမူ " ရှင်းရှင်းကငါ့သူငယ်ချင်း‌ဆိုပေမဲ့ မင်းကတော့ဟုတ်‌မနေဘူး…" ဟူ၍ အဓိပ္ပါယ်ပေါ်နေခဲ့သည်။

ကျိုးယွီ၏မျက်နှာမှာ ကောင်းမွန်နေသည်ဟု အနည်းငယ်မျှပင် ဖော်ဆောင်၍မရနိုင်တော့ဘဲ ခေါင်းမှခြေဖျားအထိ သူ၏‌ချွေးပေါက်များမှပင် အရှက်ရမှုများပေါ်ထွက်နေခဲ့သည်။

ချီရှင်းချန်မှာမူ ပိုင်ရဲ့၏စကားကြောင့် ကြက်သီးများပင်ထလာရကာ ချက်ချင်းဆိုသလို ပိုင်ရဲ့အနားသို့တိုးကပ်သွားပြီး သူ၏အသံမှာအလွန်ပင်သေးငယ်နေခဲ့သည်

" ကင်မရာတွေရှိနေသေးတယ်လေ…"

" အင်း…"

" စိတ်မတိုပါနဲ့တော့နော်…"

" အင်း…" 

မည်မျှပင်ပြောနေပါစေ ပိုင်ရဲ့၏အသံမှာ စိတ်လျော့သွားပုံမပေါ်နေပေ။ ချီရှင်းချန် ဆက်ပြောချင်မိသော်လည်း ကင်မရာများရှိနေသေးသည့်အတွက် ညအထိစောင့်ပြီးမှသာ ဤအဓိကဇာတ်လိုက်ကို သွားချော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ဧည့်သည်နှစ်ဦးကတောက်ကဆဖြစ်နေသည့်ရိုက်ချက်မှာ အချီကြီးတစ်ခုဖြစ်နိုင်သော်လည်း တစ်ဖက်သူမှာ ပိုင်ရဲ့ဖြစ်နေသည့်အတွက် ထိုကလစ်ကို ဖြတ်ထုတ်ပစ်ရလိမ့်မည်ပင်။ အကယ်၍သာ ရိုက်ကူးရေးအဖွဲ့မှာ ထိုအပိုင်းကို ထုတ်လွှင့်မိပါက ပိုင်ရဲ့အပေါ်မကောင်းသောမှတ်ချက်များပေးလာကြမည်ဖြစ်ကာ ပိုင်ရဲ့၏အဖွဲ့မှလည်း မိုင်မန့်အပေါ်   သေချာပေါက်ချမ်းသာပေးမည်မဟုတ်ချေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now