"မင်းက အိမ်ကနေထွက်ပြေးလာတာလား"

"အိမ်က ထွက်ပြေးလာရအောင် ငါက ကလေးလား"

"အဲ့ဒါဆိုလည်း အိမ်ပေါ်ကဆင်းလာတာလား"

"ခနလေး ..."

ဆက်တိုက်မေးနေတဲ့ကောင်ကို လက်ကာပြရင်း ဦးနှောက်ကို အလုပ်ပေးရသည်။ ဘာဖြစ်တာလဲ၊ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။ ဘယ်လိုမှ စဉ်းစား၍ မရပါ။ မေမေ့ဆီ ဖုန်းခေါ်ကြည့်ရင်ရော ... ဟု တွေးကာ ခေါ်ကြည့်တော့ တပ်ဆင်ထားခြင်းမရှိကြောင်းသာ ပြန်ဖြေသည်။

"အခု ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောလို့ရမလား၊ ငါ မင်းကို ဘယ်ကိုပြန်လိုက်ပို့ပေးရမှာလဲ၊ ဒါမှမဟုတ် မလိုဘူးလား"

"ဟာ ... ခနလောက် တိတ်တိတ်နေပေးပါဦး"

"ငါ သိပ်အားနေလို့ မင်းကို ထိုင်စောင့်ပေးနေတယ် ထင်လား"

တစ်ယောက်တစ်ခွန်းအော်နေကြတုန်း အိမ်ပေါ်ကို တက်လာတဲ့ ခြေသံကြားတာကြောင့် နှစ်ယောက်လုံး လှည့်ကြည့်မိကြသည်။

"မမ .. ပြန်လာပြီလား"

"အင်း ...၊ အော်  ဧည့်သည်ရောက်နေတာပဲ"

ပုခုံးကျော်ကျော်လောက်ရှိတဲ့ အနက်ရောင်ဆံပင်တွေကို ကျောဘက်မှာ စုစည်းထားပြီး တီရှပ်အပြာနုရောင်နဲ့ ထမီကိုတွဲ၀တ်ထားသော အမျိုးသမီးတစ်‌ဦး။ မျက်ခုံးထူထူနဲ့ လှမ်းကြည့်လိုက်တဲ့အကြည့်က ရှေ့ကကောင်နဲ့ အတော်တူတာမို့ မောင်နှမဖြစ်မည်ဆိုတာ သိလိုက်သည်။ မတူတာကတော့ ထိုအစ်မကြီးရဲ့ နွေးနွေးထွေးထွေး နဲ့ ပြုံးလိုက်တဲ့ အပြုံးမျိုး ဟိုကောင့်မှာ မရှိတာပဲ ဖြစ်၏။

"ဧည့်သည် မဟုတ်ဘူး မမ"

"နင့် သူငယ်ချင်းလား"

"မဟုတ်ဘူး"

"ဟဲ့ .. အဲ့ဒါဆို ဘယ်သူလဲ"

သူတို့နှစ်ယောက်ဘေး ၀င်ထိုင်ပြီး ဗညားထွဋ်ခေါင်ကို အခုမှ သတိထားမိသလို သေချာကြည့်သည်။ အသက်သုံးဆယ်ကျော်ခန့် ရှိလောက်ပြီဖြစ်တဲ့ ထိုအစ်မကြီးက ဟိုကောင်နဲ့မတူဘဲ သဘောကောင်းမဲ့ပုံတော့ ပေါ်သည်။

"ကျွန်တော့်နာမည် ဗညားထွဋ်ခေါင်ပါ"

မိတ်ဆက်ရင်း ရုတ်တရက် လက်ကမ်းပေးလိုက်တော့
အယောင်ယောင်အမှားမှားနဲ့ လက်ကို ပြန်ဆွဲကာ နှုတ်ဆက်သည်။

Magic Hides My ManWhere stories live. Discover now