" အမိန့်တော်မြတ်အတိုင်းပါ အရှင် "

ဘုရင်သတိုးဟာ လက်ထဲကျစ်နေအောင် ဆုပ်ကိုင်ထားတဲ့ စာလွှာအား နံဘေး၌အနွေးဓာတ်ရစေရန် ဖိုထားသည့်မီးဖိုငယ်ထဲသို့ ပစ်ချလိုက်လေသည်။ အမည်မသိသူပေးပို့လိုက်တဲ့ စာလွှာသည် အချိန်ခဏအတွင်းမှာပဲ တောက်လောင်နေသော မီးတောက်ရဲ့ အလယ်၌ လောင်ကျွမ်းပြာကျသွားချေပြီ။ ထိုမီးတောက်ကို စိုက်ကြည့်နေတဲ့  သတိုး၏မျက်ဝန်းတွေဟာ စူးရှခတ်ထန်နေပါသည်။

X    X    X    X    X

တောင်ကြားတိုက်ပွဲပြီသည်နှင့်တစ်ပြိုင်နက် စရီမုဒ္ဒြာ ဦးဆောင်သည့် ရှေ့တန်းတပ်ဖွဲ့ဟာ ဘုရင်သတိုး စခန်းချထားသည့် တောင်ခြေရင်းက အခြေစိုက်တပ်စခန်းသို့ တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လေတော့သည်။ သို့ပေမဲ့ ထိုအခြေစိုက်တပ်စခန်းထဲ၌ ရှိနေသည့် ရန်သူ့စစ်သည်ဟာ အယောက် ၅၀ ခန့်ပင်မပြည့်ချေ။ ထို့ကြောင့် မုဒ္ဒြာ ရဲ့တပ်ဟာ မျက်စိတစ်မှိတ်ခန့် အချိန်တိုအတွင်းမှာပင် ရန်သူ့တပ်စခန်းကို ချေမှုန်းပြာချပစ်နိုင်ခဲ့၏။

" ဒီကောင်သတိုး ငါတို့ကိုကြောက်လန့်ပြီး နန်းတော်ကို ပြန်ပြေးချေပြီထင်ပါ့ ဗိုလ်သီဟရေ .. "

စစ်သူကြီး ဗလကျော်ထင် ကလက်ခမောင်းခတ်ရင်း ရင်ကိုကော့၍ ဝင့်ဝင့်ကြွားကြွား ပြောနေသော်လည်း စစ်သူကြီးသီဟသူရိန် ကတော့ နှုတ်ဆိတ်နေသည်။ မီးခိုးငွေ့များ တလူလူဖြစ်နေသော ပျက်စီးနေသည့် ရန်သူ့တပ်စခန်းကို ငြိမ်သက်စွာ စိုက်ကြည့်လို့နေ၏။ မုဒ္ဒြာ လည်းထို့အတူပင်။ တိုက်ပွဲဟာ မပြင်းထန်ခဲ့တာမို့ လက်စွဲတော်ဓားကိုပင် ဓားအိမ်အတွင်းမှ အပြင်သို့ မုဒ္ဒြာ တစ်ချက်ဆွဲမထုတ်ခဲ့ရ။

" ကျွန်တော်မျိုးအထင်တော့ သတိုး မှာတခြားအကြံအစည်ရှိနေပြီလို့ ယူဆမိပါတယ် အရှင်မ "

သီဟ လျှောက်တင်သည့်စကားကိုနားထောင်ပြီး မုဒ္ဒြာ မျက်ခုံးနှစ်ဖက်ကို ထိစပ်ခုနီးနီး တွန့်ချိုးလေသည်။

" ဗလ .. "
" ဘုရား .. "

မာန်ပါသည့်အသံဖြင့် မုဒ္ဒြာ ခေါ်လိုက်သည်နှင့် စစ်သူကြီးဗလ ဟာချက်ချင်းပင် အနားသို့ရောက်ရှိလို့လာသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now