နားနေဆောင်တော်အတွင်းဝယ် မှူးမတ်ကြီးများရဲ့ တိုင်းရေးပြည်ရာ လျှောက်တင်ချက် သ၀န်လွှာတွေကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ထိုင်ဖတ်နေမိချိန်တွေ ကိုယ်ရံတော်တပ်မှူးဒိဗ္ဗ ကအဆောင်အ၀င်ဝသို့ရောက်လာပြီး
" အရှင်မဘုရား .. သခင်မကြီးမဟာရတနာ ပဒုမ္မာဒေ၀ီ ကအဆောင်တော်အတွင်းသို့ ၀င်ရောက်ရန် လျှောက်တင် ... "
" သြော် ခက်ပါဘိ .. အစ်မတော်လာရင် လျှောက်တင်မနေပဲ တန်းပြီးဝင်ခွင့်ပေးဖို့ ငါမှာထားတာ ဘယ်နှကြိမ်မြောက်ရှိပြီလဲဟဲ့ မောင်မင်းဒိဗ္ဗ ရဲ့ .. "
လက်ထဲတွင် သ၀န်လွှာကိုကိုင်ထားရင် ဒိဗ္ဗ ကိုကြိမ်းမောင်းလိုက်သည့် သူ့၏အသံကို အစ်မတော်က အ၀င်ဝနားက ကြားလိုက်ပုံရသည်။ အဆောင်တော်အတွင်းသို့ ရွှေဆွမ်းအုပ်ကို ကိုင်ထားရင်း သိမ်သိမ်မွေ့မွေ့လျှောက်လှမ်းလာသော အစ်မတော်သည် တည်ငြိမ်အေးချမ်းသော လေသံဖြင့်
" တပ်မှူးကို အပြစ်မတင်ပါနဲ့ ညီမတော်ရယ် .. အစ်မတော်က မ၀င်ခင် တမင်ကိုသံတော်ဦးတင်ခိုင်းလိုက်တာပါ .. ညီမတော်အခုလိုမျိုး ၀န်မင်းတွေလျှောက်တင်တဲ့ တိုင်းရေးပြည်ရာသ၀န်လွှာတွေကို ဖတ်ရှုနေမယ်ဆိုတာကို အစ်မတော် ကြိုတင်တွေးဆမိလို့ပါ .. အရေးကြီးလွန်းတဲ့အရာတွေ စီမံနေရတယ်ဆိုလျှင်လည်း မ၀င်တော့ပဲ ဆွမ်းတော်အုပ်ပဲ ပေးခဲ့လိုက်မလို့ပါ .. "
" အိုး .. အစ်မတော်ရယ် ဒီအထိ တကူးတကအဆောင်တော်ကူးလာခဲ့ပြီးမှတော့ ဆွမ်းအုပ်ကို အပြင်မှာအပ်ခဲ့စရာလား .. အစ်မတော်ရဲ့ မျက်နှာတော်ကိုဖူးမြင်ခွင့်ရလိုက်ခြင်းကိုက ညီမတော်အတွက်တော့ ဆုလာဘ်တစ်ခုပေပဲလေ .. "
" အဟမ်း .. "
မျက်နှာတော်လေး ပြုံးရွှင်ပြီးပြောလိုက်မိတဲ့သူ့ကို အစ်မတော်က ချောင်းတစ်ချက်ဟန့်ပြလေသည်။ ထိုအခါမှ ခြေတော်ရင်းမှာ ဒူးတုတ်ခစားလျက်ရှိသော ဒိဗ္ဗ ကို အဆောင်တော်အပြင်ပြန်ထွက်ဖို့ မျက်နှာရိပ်မျက်နှာကဲဖြင့် ပြလိုက်ရသည်။
" ထိုင်ပါဦး အစ်မတော်ရဲ့ "
ဒိဗ္ဗ ပြန်ထွက်သွားတော့မှ ရွှေသလွန်ပေါ်ကနေ ထရပ်ပြီး အစ်မတော်ကို လက်ဆွဲခေါ်၍ သလွန်ထက်၌ ထိုင်စေခဲ့သည်။
YOU ARE READING
နှောင်ကြိုး ၊ ေနွာင္ႀကိဳး
Historical Fictionအင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ Written by JE Rain.