Chapter Nine

121 12 4
                                    

Unicode

အဆင့်ဆင့်ထပ်တင်ထားသည့် ငှက်လှောင်အိမ်များထဲမှ ငှက်ပမာဏကို ရေတွက်နေသည်မှာ နံနက်ခင်းမှသည် နေမွန်းတည့်လုပြီ။ မေမေလေးတို့၏အစည်းအဝေးက ရပ်တန့်မည့်ပုံမပေါ်သေး။ နှုတ်ခမ်းမွေးတကားကားနှင့်လူကြီးက အာပေါင်အာရင်းသန်သန် ပြောဆိုနေပုံထောက်ပါလျှင် ယနေ့လည်း နေ့လယ်စာစားချိန် နောက်ကျတော့မည်ဟု ကျိန်းသေပေါက်ကို သိနေသည်။

ငှက်လှောင်အိမ်ပိုင်ရှင်ကပင် အန်တိုနီယာကို မျက်စပစ်နေချေပြီ။ ငှက်မွေးချင်ပါသော်လည်း စိတ်အားထက်သန်မှုက သုညကိုမှ လက်သည်းခွံလေးသာ ကွာသည်။ ဘယ်နှယ့် ရှိစ။ ယင်းစိတ်မျိုးနှင့် အနာဂတ်၌ မည်သည့်အလုပ်ကို လုပ်ကိုင်သွားရမည်နည်းဟုတွေးမိလေတိုင်း ခေါင်းနပန်းကြီးရ၏။

"မင်းပျင်းနေမယ်လို့ တို့ပြောသား ကလေးရယ်။"

ပခုံးပေါ်တင်လာသည့် လက်ကို ပြန်လည်ဆုပ်ကိုင်ပြီး အန်တိုနီယာပြုံးပြမိသည်။ မေမေလေးကို မြင်သည်နှင့် ပျင်းရကျိုးနပ်သည်ဟူ၍လည်း ဤနှုတ်ခမ်းမှ မပြောနိုင်ပါ။ ရှက်ဖွယ်ကောင်းလွန်းသည်။ တစ်ရက်တစ်မနက်တည်းနှင့် မိမိဟာ အခြားဣတ္ထိယတစ်ဦးကို တမ်းတမ်းစွဲဖြစ်သွားသည်ဟုတော့ အန်တိုနီယာ၏ သမိုင်း၌ မရေးခြစ်ထားနိုင်ပါ။ နောင်လာနောက်သားများ၏ ပါးစပ်ဖျား၌ ပြက်လုံးတစ်ခုဖြစ်သွားပေလိမ့်မည်။

"မေမေလေးကို ကျွန်မထိုင်လွမ်းနေတာ။ ခဏခဏလည်း လှည့်မကြည့်ရဲဘူး။ တော်ကြာနေ ကျွန်မကြောင့် အလုပ်ပျက်မိတ်ပျက်ဖြစ်မှာ စိုးလို့။"

ကျွန်မ၏ပခုံးကိုဆုပ်ကိုင်ထားသောလက်က ပိုမိုတင်းကြပ်လာသည်ကို ခံစား၍ရပါသည်။

"မင်းကွယ်။ တို့အတွက် စိတ်ပူပေးတတ်တဲ့ မင်းပုံစံလေးကိုလေ တို့တကယ် မယုံနိုင်သေးဘူး။ ဒါကအိပ်မက်လေးနဲ့တူတယ်။ တို့မမက်ရဲခဲ့တဲ့ အိပ်မက်မျိုးပဲ ကလေးရဲ့။ သိရဲ့လား။"

ပခုံးပေါ်က သူမ၏လက်ကို ဆွဲယူပြီး နှုတ်ခမ်းနှင့် အသာလေး ဖျတ်ခနဲ ကောက်နမ်းလိုက်သည်။ ထိုအခါ မေမေလေးက မျက်ဝန်းများ ဝိုင်းစက်လျက် ဘေးဘီဝဲယာကို အိုးမလုံအုံပွင့် လိုက်ကြည့်နေလေရဲ့။

A Woman On 'Gran Vía'Where stories live. Discover now