Chapter Five

106 9 4
                                    

Unicode

ဤသို့ဖြင့် ရက်သတ္တပတ်များ ကျော်လွန်ခဲ့သည်။ မေမေလေးသည် စာဖတ်ခန်းထဲ၌ တင်ဒါများတစ်ပုံတပင်နှင့် ခေါင်းစိုက်နေရချိန်ဝယ် အန်တိုနီယာသည်လည်း အလကားရသောမေမေလေးထံမှ အလကားရသောငွေများဖြင့် မာရီယာတို့နှင့် ပိုလိုရိုက်နေဆဲပင်။ မတူညီသည်က စံအိမ်ကြီးသည် စိုစိုပြည်ပြည် ပြန်လည်လန်းဆန်းလာခြင်းပင်။

မေမေလေးနှင့် အန်တိုနီယာတို့နှစ်ဦး၏ ဆက်ဆံရေးပြေလည်သည်နှင့် အရာအားလုံးက နေရာကျသွားသည်။ မက်ဒရစ်မြို့သူမြို့သားတို့၏ အော်တဲကာစံအိမ်အပေါ် စိတ်ဝင်စားမှုကလည်း လျော့ကျသွားချေသည်။ ဤနေရာ၌ မေးစရာတစ်ခုပေါ်လာသည်။ မည်သည့်အကြောင်းကြောင့် လူများသည် အခြားသူတို့၏ ခြတက်နေသည့် မိသားစုအတွင်းသတင်းများကို သွားပုပ်လေလွင့်ပြောဆိုနေကြသနည်း။ ဟော.. ယခုကဲ့သို့ ပြေလည်သွားပါက မည်သူမျှ အဖက်မလုပ်တော့ပါ။ အခြားသူ၏ စိတ်ချမ်းသာမှုကိုကျ ၎င်းတို့က ဝေမျှကာ မုဒိတာပွား၊ သာဓုခေါ်နိုင်စွမ်းမရှိတော့ပါလေ။

"စာ စာ.. စာရောက်လာတယ်။ အမေရိကတောင်ပိုင်းကပို့လိုက်တာ။"

အိမ်ရှေ့မှ စက်ဘီးခေါင်းလောင်းသံနှင့် တောင်အမေရိကမှစာဟူသည်နှင့် အန်တိုနီယာ၏စိတ်သည် တိမ်စိုင်ထက်ဝယ် ကခုန်နေလျက်။

စာအိတ်ပေါ်မှ ခပ်သော့သော့လက်ရေးက ရုပ်လေးလှသလောက် လက်ရေးစုတ်လွန်းသည့် လူစီယာ၏မူပိုင်ပင်။ လျှာထိပ်လေးကို ဘယ်ဘက်နှုတ်ခမ်းစပ်နားဆီ ပို့ပစ်ရင်း အန်တိုနီယာ အူကြောင်ကြောင်ကလေး ပြုံးမိသည်။

စာသည်မူ ရိုးရိုးသာမန်သတိရတမ်းတလွမ်းဆွတ်ဖွယ်ကောင်းသည့် စာများကဲ့သို့ပင် အလွန်ရိုးရှင်းပါသည်။

စပိန်မှ တောင်အမေရိကသို့ သွားသည့် ပင်လယ်ခရီးလမ်းတစ်လျှောက်က မည်မျှပင် အံ့ဩဖွယ်ကောင်းမွန်ကြောင်း၊ ကြည်လင်နေသည့် ကောင်းကင်ပြာနှင့် စိမ်းလဲ့နေသည့် ရေပြင်တို့က မည်မျှပင်ပနံသင့်ကြောင်း၊ မည်သည့်ရေနေသတ္တဝါများမြင်ခဲ့ရကြောင်း၊ သူမ၏အခန်းဖော်က လှိုင်းမူးတတ်၍ မည်မျှပင်ဒုက္ခရောက်ခဲ့ကြောင်း၊ လက်တင်အမေရိကများက မည်မျှပင်ဖော်ရွေပွင့်လင်းတတ်ကြောင်း စသည်ဖြင့် ဖွဲ့နွဲ့ကာ ရေးသားထားသည်။ သူမ၏ စာအသွားအလာကို လေ့လာခြင်းအားဖြင့် နေရာအသစ်၊ လောကအသစ်၌ သူမက အူတူတူအတတကောင်မလေးတစ်ဦးနှယ် ဖြစ်ပျက်နေသည်ကို အသည်းယားဖွယ်တွေ့ရသည်။

A Woman On 'Gran Vía'Opowieści tętniące życiem. Odkryj je teraz