Chapter Six

128 11 12
                                    

Unicode

ပြတင်းပေါက်နံဘေးမှ အဝါရောင်ငှက်ကလေးတစ်ကောင်သည် တကျီကျီအော်မြည်ကာ အပျင်းကြောထူသည့် အန်တိုနီယာကို အိပ်နေရာမှ နိုးကြားစေသည်။

လှပသာယာသည့်နေ့ရက်ကလေးပင်..။
နေရောင်ခြည်အနည်းငယ်ဖြာကျနေသည့် မှန်ပြတင်းကို အသာလှစ်ဟတော့ ခဏကငှက်ဝါကလေးသည် အခန်းတွင်းသို့ ပိုင်စိုးပိုင်နင်းဝင်လာသည်။ သူ၏ပါးစပ်မှအော်သံကလည်း တိတ်မသွားပါလေ။

"ဟိတ် တိတ်စမ်း။ မင်းလေးနဲ့ သီချင်းတူတူဆိုရအောင်လည်း ငါကစင်ဒရဲလားမဟုတ်ဘူးကွ။"

သူ့ကို ဟိန်းဟောက်သည့်ဟန်ဆိုတော့ ထိုငှက်ကလေးက နားလည်ပုံရသည်။ ခဏကထက်ပိုကျယ်၍ ပိုမြန်သည့် အသံများကို ဆက်ကာ ပြုလုပ်နေသည်။

"တိတ်တိတ်နေပါဆို..။ ငှက်စုတ်လေး.. တစ်ကောင်တည်းလာပြီးတော့ ငါ့ကိုစိန်ခေါ်နေတယ်။"

ထိုငှက်က မည်သို့ပင်ဆိုစေကာမူ တိတ်မည့်ပုံမပေါ်သောအခါ ကျွန်မလည်း စိတ်ပျက်လာသည်နှင့် ပြတင်းအပြင်သို့ ငေးကြည့်မိသည်။ ဘာရယ်မဟုတ် အရွက်များမရှိတော့သည့် အပင်အိုကြီး၏ပင်စည်ရင်းမှ အရာတစ်ခုက ကျွန်မ၏ အာရုံအစုံကို ဆွဲဆောင်နိုင်လိုက်သည်။ ထိုအရာက ပြုတ်ကျနေသည့် ငှက်သိုက်ကလေးပင်။

ဒါကြောင့်များ ဒီငှက်ဝါကြီးက အသံတဆာဆာနဲ့ လာအော်နေရသလား။ ငှက်တွေက ဘယ်တုန်းက ဉာဏ်ကောင်းသွားကြတာလဲ။

"မေမေလေး အဲ့လှေကားနဲ့ အပင်ပေါ်ကို ဘာတက်လုပ်နေတာလဲ။"

မေမေလေးသည် သူမ၏ ခရမ်းနုရောင်ဖဲဝတ်ရုံနှင့် မလိုက်ဖက်လှစွာ ထိုလှေကားကို ကုန်းကုန်းကွကွတက်နေသည်။ ဖေဖေတစ်ယောက်သည်လေ.. ဤကဲ့သို့ မထင်လျှင်မထင်သည့်အတိုင်း ပြုမူဆောင်ရွက်တတ်သော အမျိုးသမီးမျိုးကိုမှ ရွေးကြိုက်ရသည်ဟူ၍သာ တွေးမိနိုင်တော့သည်။

"ငှက်သိုက်လေး ပြုတ်ကျနေတာမြင်လို့ ပြန်တင်ပေးနေတာကွယ်။ မင်းကရော အစောကြီးနိုးနေတာပဲလား။ အရင်ကဆို မနက်စာမစားခင် ငါးမိနစ်အလိုထိ အိပ်သလားလို့။"

‌ကျွန်မကိုတစ်ချက်ကလေးမှ ငုံ့မကြည့်ဘဲ ပြန်ဖြေရှာသည်။ ငှက်သိုက်ကို သစ်ခေါင်းပေါက်ထဲသို့ အသာအယာထည့်ထားပြီး သူမစိတ်ကျေနပ်အားရသည့် အနေအထားကို ရမှ ပြန်ဆင်းလာသည်။ ခြေကျင်းနီနီကလေးက သူမ၏ အသားအရည်နှင့် သိပ်ကို လိုက်ဖက်နေသည်။ ယင်းခြေကျင်းသည် ဖေဖေပေးထားခြင်းဖြစ်သည်ကို အန်တိုနီယာသိပါသည်။

A Woman On 'Gran Vía'Where stories live. Discover now