Chapter Eight

131 13 4
                                    

Unicode

မျက်ခွံများကလေးလံနေပြီး ရင်ဘတ်မှသည် စူးအောင့်နာကျင်မှုကို ခံစားမိသည်။ အုန်းလွဲနေသည့်ခံစားချက်မျိုးလည်း ရသည်။ ပျံ့လွင့်နေသည့် အတွေးများကို တစ်စုတစ်စည်းတည်းထားတော့မှ မှောက်လျက်သားလေး လှဲအိပ်နေသည့် မိမိအဖြစ်ကို နားလည်လိုက်သည်။

ဇိုးခနဲဇတ်ခနဲ ထိုင်လိုက်သည့်အခါ လည်ပင်းရိုးမှ နာကျင်မှုသည် အန်တိုနီယာ၏မျက်နှာကြွက်သားများကို ရှုံ့မဲ့သွားစေသည်။ အချိန်မတော် အိပ်စက်‌ထား၍ လူက ညည်းစီစီ။ ဦးနှောက်အကန့်များက သူ့အစီအစဉ်နှင့်အညီ နေရာမယူထားသကဲ့သို့ မူးဝေနေသည်။

"မေမေလေး.."

ပြန်ထူးသံကို မကြားပါ။ ဘေးဘီဝဲယာလှည့်ကြည့်ပါမှ ခုတင်နှစ်လုံးရှိသည့် အခန်း၌ မိမိတစ်ဦးတည်းသားရှိကြောင်း အားငယ်စွာ သိရှိရသည်။ အန်တိုနီယာသည် ဝင်ပေါက်နှင့်နီးသည့် ခုတင်၌ရှိနေကာ ပြတင်းပေါက်ကပ်လျက်သားရှိနေသည့်ခုတင်ကတော့ မေမေလေး၏ နေရာဖြစ်လိမ့်မည်။

အမိုးညိုညိုများကို ဖြတ်၍ မြင်ရသည်က ပြာလဲ့ကျယ်ပြန့်သည့် ပင်လယ်ကြီး။ ဘာရယ်မဟုတ်.. ထိုမြင်ကွင်းကို ကြည့်ကိုကြည့်ရမည်ဆိုသည့် စိတ်၏စေ့ဆော်မှုနှင့်အတူ အန်တိုနီယာတစ်ယောက် မေမေလေး၏ ခုတင်၌ ထိုင်ချကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သတ္တလောကကို ကြည့်ရှုလိုက်သည်။

လှပသည်။ ငြိမ်းချမ်းသည်။ ပြတင်းတံခါးကို အထက်သို့ ဆွဲတင်ယူလိုက်သော် ဆားနံ့သင်းသင်းကလေးရောသည့် လတ်ဆတ်သည့် ပင်လယ်၏ အငွေ့အသက်ကို အန်တိုနီယာ မက်မောတကြီး ရှိုက်သွင်းမိ၏။

သို့သော်.. အောက်သို့ငုံ့ကြည့်ပြီး မြင်ရသည့်လူနှစ်ယောက်က အန်တိုနီယာ၏ သဘာဝတရားအပေါ်သက်ဝင်ခံစားမှုကို ရိုက်ချိုးပစ်လိုက်သည်။ မေမေလေးရယ်ပေါ့.. ယောကျာ်းတစ်ယောက်နဲ့ ပွေ့ဖက်နမ်းရှိုက်နေသည်။ အဲ့တာကလည်း လူလည်ခေါင်မှာ။ ပြီးနောက် ပျော်ပျော်ပါးပါးနှင့် အလွမ်းသယ်နေကြသည့် ငယ်ချစ်ဦးများနှယ်။

ယောကျာ်းများကို သဘောမကျဘူးဟု ပြောခဲ့တုန်းကဖြင့် ဤရုပ်မျိုးမဟုတ်ခဲ့ပါ။ ထို့ကြောင့် ဆုံးပါးသွားလေသော အိမ်တော်ထိန်းကြီး မစ္စတာအာဂွာဒိုက လောက၌ မိန်းမဟူသည့် သတ္တဝါသည်သာ ကြောက်ဖို့အကောင်းဆုံး ဟု အန်တိုနီယာကို ပြောပြခဲ့ဖူးခြင်းပင်ဖြစ်လိမ့်မည်။ ယခုတော့ လက်တွေ့ကြုံရပါပြီ။

A Woman On 'Gran Vía'Where stories live. Discover now